ဆောင်းပါး | လီဗာပူးအသင်းက အမ်မိုရင်းကို ဖယ်ထုတ်ပြီး အာနယ်ဘက်ကို ဦးလှည့်သွားရခြင်း အကြောင်းရင်း

လီဗာပူးအသင်းဟာ နည်းပြကလော့ပ်နေရာ အစားထိုးဖို့အတွက် ဒေတာအဖွဲ့ရဲ့ အကူအညီနဲ့အတူ ဥရောပတလွှားက လူငယ်နည်းပြများစွာကို စောင့်ကြည့်မှု လုပ်ခဲ့ပါတယ်။

စပို့တင်းနည်းပြ အမ်မိုရင်းနဲ့ ဘရိုက်တန်နည်းပြ ဒီဇာဘီတို့ဟာ ရေပန်းစားမှု ထိပ်ဆုံးမှာ ပါဝင်ခဲ့ပေမယ့် ရုတ်တရတ်ပဲ အခြေအနေတွေ အားလုံးက ပြောင်းလဲလာခဲ့ပြီး နယ်သာလန်ကလပ် ဖီယင်နုအသင်းမှ နည်းပြ အာနယ်စလော့ပ်ကို ဦးစားပေးအဖြစ် ရွေးချယ်ခဲ့ပါတယ်။

ဒါတွေရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်ခဲ့တာလဲ ဆိုတာကို LFCThaDin ကို ဖတ်ရှုအားပေးနေတဲ့ လီဗာပူးပရိသတ်တွေအတွက် ဖော်ပြသွားပါမယ်။

လီဗာပူးပိုင်ရှင်အဖွဲ့ဖြစ်တဲ့ FSG ဟာ ကလော့ပ် မရှိတော့မယ့် နောက်ပိုင်း ကလပ်ရဲ့ ဖွဲ့စည်းပုံအသစ်အတွက် တာဝန်ယူပေးဖို့ရာ FSG CEO အဖြစ် မိုက်ကယ်အတ်ဝပ်ကို ပုံအပ်ထားပါတယ်။ အတ်ဝပ်ရဲ့ အနာဂတ်ဟာ အသင်းရဲ့ အောင်မြင်ခြင်း ကျရှုံးခြင်းတွေနဲ့အတူ ပူးတွဲ ရှိနေမှာပါ။

လီဗာပူးအသင်းဟာ နည်းပြသစ်ကို စံသတ်မှတ်ချက် (၄) ခုနဲ့ ရွေးချယ်မှု ပြုလုပ်နေကြောင်းကို ကျနော်တို့ ဖော်ပြခဲ့ပြီးပါပြီ။ (ဧပြီလ ၂၄ ရက်နေ့တုန်းကပဲ တင်ထားတာမို့ ပြန်ဖတ်လိုရင် ဝဘ်ဆိုဒ်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်)

ဒေတာအဖွဲ့ကတော့ ကလော့ပ်ရဲ့ လီဗာပူးကို ဆက်ခံသူအဖြစ် စပို့တင်းမှ အမ်မိုရင်းကို အတော်လေး နှစ်သက်ခဲ့ပြီး ဖီယင်နုမှ အာနယ်စလော့ထပ်တောင် ပိုမို သဘောကျခဲ့တာပါ။ ဒါပေမယ့်လို့ နည်းပြတွေကို အင်တာဗျူးဝင်အပြီးမှာ လီဗာပူးရဲ့ အမြင်တွေက ပြောင်းလဲသွားခဲ့ပါတယ်။

အတ်ဝပ်တို့ဟာ ကုန်ခဲ့တဲ့ ၂ နှစ်အတွင်း လီဗာပူးအသင်းရဲ့ ကစားသမား ခေါ်ယူမှုတွေကို သဘောမကျပါဘူး။ နည်းပြကလော့ပ်ဟာ ဘီရှန်ကလေနောက်ပိုင်း လီဗာပူးအသင်းကို အကြီးမားဆုံး အသွင်ပြောင်းပေးခဲ့သူဖြစ်ပြီး အနွေးထွေးဆုံးသော နှုတ်ဆက် ဂုဏ်ပြုမှုကို ရရှိမှာဖြစ်ပါတယ်။

ဒါပေမယ့်လို့ ကလော့ပ်ခေတ်လွန် လီဗာပူးအသင်းဟာ ယနေ့ခေတ်နဲ့ ကိုက်ညီမှုရှိတဲ့ ဖွဲ့စည်ပုံအသစ်နဲ့ သွားကိုသွားရမှာဖြစ်ပါတယ်။ ဒါကတော့ ကလပ်ရဲ့ မောင်းနှင်မှုမှာ ဒေတာအခန်းကဏ္ဍကို ပိုမို မြင့်တင်ဖို့ဖြစ်ပါတယ်။

အမ်မိုရင်းက အပြောင်းအရွှေ့ ကိစ္စတွေမှာ လွှမ်းမိုးပါဝင်လိုစိတ် ကြီးမားပြီး အာနယ်စလော့ထက် တောင်းဆိုမှုများတာကို လီဗာပူးဘက်က သိနားလည်ခဲ့ပါတယ်။ အမ်မိုရင်းက လူသစ် ခေါ်ယူရေး အပြောင်းအရွှေ့တွေမှာ ကိုယ်တိုင် ဝင်ပါလိုတယ်။

လီဗာပူး ဖွဲ့စည်းပုံအသစ်မှာ ကစားသမား အပြောင်းအရွှေ့ ကိစ္စတွေကို သူတို့လို လပ်တော့ဂုရုတွေကပဲ ထိန်းချုပ်ထားရမယ်လို့ အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့က ယုံကြည်တယ်။ အာနယ်ဟာ အမ်မိုရင်းလို မဟုတ်ဘဲ လေ့ကျင့်ရေးမှာ သူ့အသင်း တိုးတက်လာဖို့ကို ပိုမို အာရုံစိုက်သူဖြစ်ပါတယ်။

အာနယ်ဟာလည်း ပြင်းပြတဲ့ ဘောလုံးအပေါ် စိတ်နစ်ထားမှုရှိတယ်။ သူ့မှာ ရှင်းလင်းတဲ့ ဘောလုံးအမြင်ရှိပါတယ်။ ဒါကြောင့်ပဲ လေ့ကျင့်ရေးကိစ္စတွေထက် ပိုမို လွှမ်းမိုးတာဝန်ယူလိုတဲ့ အမ်မိုရင်းကို ကျော်ပြီး နယ်သာလန်သားနည်းပြ အာနယ်ကို ရွေးချယ်ဖို့ အတ်ဝပ်တို့က စဉ်းစားခဲ့ခြင်းဖြစ်ပါတယ်။

အတ်ဝပ်တို့က ကိစ္စတိုင်းကို သူတို့ စိတ်ကြိုက် ရွေးချယ်မှာမျိုးတော့ မဟုတ်ပါဘူး။ ကလော့ပ်နဲ့အတူ ယခင်က အလုပ်တွဲလုပ်ခဲ့တဲ့ အပြောင်းအရွှေ့ ကော်မတီလိုပဲ အရေးကြီးတဲ့ ကိစ္စတွေမှာ မန်နေဂျာနဲ့ တိုင်ပင် စကားပြောမှာဖြစ်ပါတယ်။

အတ်ဝပ်က ဒါဝင် နူးညက်စ်ကိုတောင်မှ ကိုယ့်သဘောအတိုင်း ရှင်းထုတ်ဖို့ မစဉ်းစားထားပါဘူး။ ဒါဝင်ဟာ တကယ်ပဲ တောက်ပလာနိုင်သေးလား? မဟုတ်ခဲ့ရင် သူ့နေရာ အစားထိုးဖို့ အသုံးစရိတ်အတွက် ရောင်းချသင့်လား ဆိုတာကို အတ်ဝပ်၊ ဟုချ်တို့က မန်နေဂျာသစ်နဲ့ ဆွေးနွေးစကားပြောမှာ ဖြစ်ပါတယ်။

အတ်ဝပ်တို့ရဲ့ ဦးစားပေး ရည်မှန်းချက်က လီဗာပူးအသင်းကို လက်ရှိလိုပဲ ဆုဖလား စိန်ခေါ်နိုင်စွမ်း အမြင့်ဆုံးမှာ ဆက်ရှိနေစေရေးနဲ့ ကလပ်ရဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းရေးဖြစ်ပါတယ်။ အဲ့အတွက် မန်နေဂျာကို ပံ့ပိုးပေးရေးဟာ သူတို့တာဝန်ဖြစ်ကြောင်း နားလည်ထားတာဖြစ်ပါတယ်။