ဒီနွေမှာ လီဗာပူးအသင်းကနေ ထွက်ခွာဖို့ အတော်လေး သတင်းကြီးနေတဲ့ ကလယ်ဟာကို ခေါ်ယူဖို့ လန်ဒန်ကလပ်တွေ အပြိုင်အဆိုင် ဖြစ်လာနေပါတယ်။
Irish Independent ရဲ့ ဖော်ပြမှုအရ ကလယ်ဟာကို စပါး၊ ဘရန့်ဖိုဒ့်နဲ့ ဘရိုက်တန်တို့က ခေါ်ယူလိုနေတာဖြစ်ပါတယ်။ ဒီရက်တွေထဲမှာ စပါးက ရေပန်းစားမှု အတော်လေး မြင့်တက်လာကာ လိုရစ်နေရာ ရေရှည် အစားထိုးမယ့် ဦးစားပေး ဂိုးသမားနေရာ ထားဖို့ထိ ရည်ရွယ်လာခြင်းလို့ သိရပါတယ်။
ကလယ်ဟာဟာ လီဗာပူးအတွက် ပြိုင်ပွဲစုံ ပွဲ ၂၀၊ အိုင်ယာလန် လက်ရွေးစင်အသင်းအတွက် ၁၀ ပွဲ ပွဲထွက်ပေးထားသူပါ။ ဒါပေမယ့် လက်ရွေးစင် အသင်းမှာ ဆောက်သမ်တန် ဂိုးသမား ဂါဗင် ဘာဇူနူက ပွဲထွက်ပေးနေတာမို့ ကလပ်အဆင့်မှာ ပုံမှန်ကစားခွင့် မရခြင်းက ကလယ်ဟာရဲ့ တက်လှမ်းကို ထိခိုက်လာစေပါတယ်။
သတင်းထောက် Aidan Fitzmaurice က “ လီဗာပူးအသင်းက ပွဲထွက်ခွင့်တွေ အလိုရှိနေတဲ့ ကလယ်ဟာကို သူတို့ သတ်မှတ်ကြေး ပေါင် သန်း ၂၀ လောက်နဲ့ ထွက်ခွင့်ပေးဖွယ် ရှိနေပါတယ် ” ဆိုပြီး ဖော်ပြခဲ့တယ်။ တချို့ကတော့ အဲ့ပမာဏထက် အနည်းငယ် နည်းပါးနိုင်တယ်လို့ ဆိုပါတယ်။
အသက် ၂၄ နှစ်အရွယ် ဂိုးသမားဟာ ဖလားပြိုင်ပွဲတွေမှာ ပွဲထွက်ခွင့် ရထားခဲ့ပြီး မနှစ်က လီဗာပူးအသင်းရဲ့ ကာရာဘောင်းနဲ့ အက်ဖ်အေဖလား အောင်မြင်မှုတွေမှာ အဓိကကျတဲ့ အသင်းသားဖြစ်ခဲ့ပါတယ်။ သူဟာ အယ်လီဆန်နောက် လီဗာပူးရဲ့ ဒုတိယ ဦးစားပေး ဂိုးသမားလည်း ဖြစ်လာနေခဲ့တယ်။
လီဗာပူးအသင်းဟာ ကလယ်ဟာ အပြင် တတိယ ဦးစားပေး ဂိုးသမား အတ်ဒရီယန်ကိုပါ ထွက်ခွင့်ပေးရမှာမို့ ဂိုးသမား နေရာအတွက် လူသစ်တော့ ရှာရမှာပါ။ အဆိုပါ နေရာအတွက် ကြိုတင် ပြင်ဆင်မှုအဖြစ် ပီတာလူဂါအပြင် လူငယ် ဂိုးသမား အချို့တော့ ရှိထားပါတယ်။
အမြန်ဆုံး အစားထိုးမှုအဖြစ်တော့ ပရီးမီးယားလိဂ်-၂ မှာ ဒုတိယနေရာက ရာသီသိမ်းခဲ့သလို ခံစစ်အကောင်းဆုံး မှတ်တမ်းလည်း ရခဲ့တဲ့ ယူ-၂၁ အသင်း ဂိုးသမား ဟာဗေး ဒေးဗစ် (၁၉ နှစ်) ကို တတိယဦးစားပေးအဖြစ် နေရာပေးဖွယ် ရှိပါတယ်။