အင်္ဂလန်ကလပ်တွေရဲ့ ရှေးရိုး အသင်းတည်ဆောက်ပုံကို အာနယ် စလော့ ခေတ်မှာ အပြီးဖျက်သိမ်းမယ့် လီဗာပူး

လီဗာပူးအသင်းဟာ မကြာခင်မှာ ခေတ်သစ်တစ်ခုကို စတင်မှာဖြစ်ပြီး ကလပ်ရဲ့ ဖွဲ့စည်းပုံကို အသစ်ပြန်ချနေပြီဖြစ်ပါတယ်။

ဒီဖွဲ့စည်းပုံ တစ်ခုလုံးကို FSG CEO အဖြစ် မိုက်ကယ်အတ်ဝပ် တာဝန်ယူမှာဖြစ်ကာ အသင်းပိုင်ရှင်တွေက သူ့ကို လုပ်ပိုင်ခွင့်တွေ အများကြီး ပေးအပ်ထားပြီဖြစ်ပါတယ်။ ယခင်က FSG CEO ဖြစ်တဲ့ အမေရိကန်သား မိုက်ဂေါ်ဒန်ကလည်း ရာထူးကနေ နောက်ဆုတ်ကာ Boston ထံ ပြန်သွားတော့မှာပါ။

မိုက်ကယ်အတ်ဝပ်တို့ဟာ အင်္ဂလန်ကလပ်တွေရဲ့ ရှေးရိုး အသင်းတည်ဆောက်ပုံကို လာမယ့်ရာသီကစလို့ အပြီး ဖျက်သိမ်းဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဒီကရှေ့ ကလပ်အသင်းကို ကိုင်တွယ်ရတဲ့ သူကိုလည်း မန်နေဂျာအဖြစ် ခေါ်တော့မှာ မဟုတ်ပါဘူး။

ဘောလုံးလောကမှာတော့ ဒါကို ရာထူး တစ်ဆင့်နိမ့်တယ်လို့ ပြောနိုင်ပြီး အာနယ် စလော့ရဲ့ ရာထူးဟာ နည်းပြချုပ်အဆင့်ထိပဲ ပေးအပ်ခံရတော့မှာပါ။ ဒါကြောင့် သူဟာ ကလော့ပ် ရခဲ့သလို အပြောင်းအရွှေ့ ညိနှိုင်းမှု ကိစ္စတွေမှာ ပါဝင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။

အင်္ဂလန်မှာတော့ ဒါဟာ အထူးအဆန်းတစ်ခုဖြစ်ပါတယ်။ အင်္ဂလန်ဘောလုံး ပရိသတ်တွေဟာ မန်နေဂျာတစ်ဦးက ကိစ္စ အဝဝကို ချုပ်ကိုင်ထားတဲ့ ရှေးရိုးစွဲ အုပ်ချုပ်ပုံကိုပဲ အသားကျနေခဲ့တာပါ။ စလော့ လက်ထက်ကစပြီး လီဗာပူးကတော့ ဒါကို ဆန့်ကျင်သွားမှာ ဖြစ်ပါတယ်။

စလော့ ကိုယ်တိုင်ကတော့ လေ့ကျင့်ရေးကွင်းမှာ ကောင်းမွန်တဲ့ ကစားဟန်ကို ဖော်ဆောင်ဖို့နဲ့ လေ့ကျင့်ရေးကွင်းကနေ တိုးတက်မှုကို ရှာဖို့ပဲ စိတ်ဝင်စားတာမို့ လီဗာပူးရဲ့ အုပ်ချုပ်ပုံ အပြောင်းအလဲဟာ သူ့အတွက် ပြဿနာ မရှိဘူးလို့ သိရပါတယ်။

စလော့က အားကစားဒါရိုက်တာ မိုက်ကယ်အတ်ဝပ်နဲ့ လက်တွဲ အလုပ်လုပ်ရမှာဖြစ်ကာ သူတို့ အထက်မှာ မိုက်ကယ်အတ်ဝပ်က ဘောလုံးဆိုင်ရာစီအီးအိုအဖြစ် ရှိနေပါမယ်။

ဒီစနစ်တွေဟာ ရှေးရိုးစွဲများတဲ့ အင်္ဂလန်မှာတော့ အထူးအဆန်း ဖြစ်နိုင်ပေမယ့် အားကစားသိပ္ပံ ပိုမို ကျယ်ပြန့်တဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံအချို့မှာ အသားကျနေတဲ့ ဖွဲ့စည်းပုံမျိုးပဲ ဖြစ်ပါတယ်။