လီဗာပူးအသင်းဟာ နောက်ရာသီ အသင်းရဲ့ လူစာရင်းမှာ အစိတ်အပိုင်း တစ်ခုအဖြစ် မိုဆာလာကို ဆက်ထိန်းဖို့ စီစဉ်ထားသလို ကစားသမားကလည်း ဆက်နေမယ်လို့ အပြည့်အဝ ယုံကြည်နေပါတယ်။
အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ အသင်းနဲ့ စာချုပ် ၁၂ လပဲ ကျန်ရှိတာကြောင့် သူ ထွက်ခွာတော့မယ်လို့ ယူဆချက်တွေ များနေတာပါ။ ဝက်စ်ဟမ်းနဲ့ပွဲမှာ ကလော့ပ်နဲ့ စကားများကြခြင်းကလည်း အဆိုပါ အမြင်ကို ပိုအားကောင်းလာစေတယ်။
ဒါပေမယ့် ကစားသမား ကိုယ်တိုင်က မထွက်လိုသလို လီဗာပူးကလည်း ဆက်ထိန်းလိုတာကြောင့် အန်ဖီးမှာ သူ့ကို ဆက်ပြီး မြင်ရဖွယ် ရှိကြောင်း ဒီကနေ့မှာပဲ David Ornstein က ဖော်ထုတ်လာပါတယ်။
ဆော်ဒီပရိုလိဂ်ဘက်က မနှစ်ကနွေမှာ မိုဆာလာကို ခေါ်ယူလိုခဲ့သလို ဒီနွေမှာလည်း ဆက်လက် ကြိုးစားလိုပါတယ်။ လီဗာပူးဘက်က ကမ်းလှမ်းမှုကို နားထောင်မယ့် သဘော မပြသခြင်းကြောင့် စာချုပ်ကုန်မယ့် ၂၀၂၅ မှ အလွတ်နဲ့ ခေါ်ယူရဖွယ် ရှိပါတယ်။
ဆော်ဒီဘက်က မိုဆာလာကို ခေါ်ယူချင်တဲ့ အဓိက အကြောင်းရင်းကတော့ Club World Cup ပြိုင်ပွဲကို အီဂျစ်သားရဲ့ ဂုဏ်သတင်းနဲ့အတူ ပရိုမိုးရှင်း ဆင်းလိုခြင်းဖြစ်တယ်လို့ သိရတယ်။
အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ဟာ ကလပ်နည်းပြချုပ်နေရာ အာနယ်စလော့ ဝင်ရောက်လာပြီးရင် ဆာလာရဲ့ အခြေအနေနဲ့တကွ ဗန်ဒိုက်၊ ထရန့်တို့ရဲ့ စာချုပ်ကိစ္စတွေကိုပါ စတင် ဆွေးနွေးဖို့ရှိပါတယ်။