NEWS: လီဗာပူးအသင်းနဲ့ မိုဆာလာတို့ အနာဂတ် ပလန်အတွက် စကားပြောကြမယ်

လီဗာပူးနဲ့ မိုဆာလာတို့ဟာ ရာသီကုန်မှာတော့ အီဂျစ်သားရဲ့ ရေတို ရေရှည် အနာဂတ်နဲ့ ပတ်သက်လို့ စကားပြောကြဖို့ ပြင်ဆင်ထားကြောင်း တယ်လီဂရပ်က သတင်းပေးလာပါတယ်။

ဆာလာဟာ တစ်ပတ် လုပ်ခ ပေါင် ၃ သိန်းခွဲရ စာချုပ်ဟာ ၂၀၂၅ နွေမှာ စာချုပ်ကုန်မှာပါ။ ကလပ်ရဲ့ အားကစားဒါရိုက်တာသစ် ရစ်ချက်ဟုချ်၊ FSG စီးအီးအို မိုက်ကယ်အတ်ဝပ်တို့ဟာ ဒီနွေမှာ အီဂျစ်သားနဲ့ ဆွေးနွေးစကားပြောကြပါမယ်။

ဗန်ဒိုက်နဲ့ ထရန့်တို့ရဲ့ စာချုပ်ကိစ္စတွေကိုလည်း စကားပြောမှာဖြစ်ပြီး လက်တလောမှာ နည်းပြသစ်ကိစ္စ လုံးပန်းနေတာကြောင့် ကစားသမားတွေနဲ့ ညိနှိုင်းမှု မရှိသေးတာပါ။

အာနယ် စလော့နဲ့တကွ နည်းပြအဖွဲ့ကိစ္စ ဖြေရှင်းပြီးရင် ဇွန်မှာ အသက် ၃၀ ပြည့်တော့မယ့် ဆာလာကို စာချုပ်သစ် ပေးသင့်လားဆိုတာကို စတင် သုံးသပ်ကြမှာဖြစ်ပါတယ်။

နောက်ရာသီ မတိုင်ခင် စာချုပ်သစ်ကိစ္စ သဘောတူညီမှု မရသေးရင်တောင် မိုဆာလာဟာ ဒီနွေမှာတော့ လီဗာပူးကနေ ထွက်ခွာသွားဖွယ် မရှိဘူးလို့ သိထားရတယ်။

လီဗာပူးအသင်းဟာ ကလပ်ရဲ့ အကျော်အမော်တွေကို စာချုပ်ကုန်တဲ့ထိ အသင်းမှာ ဆက်ထိန်းထားခဲ့ဖူးပြီး ဝိုက်နယ်ဒမ်၊ လယ်လာနာတို့ဟာ သူတို့ စာချုပ် နောက်ဆုံးကာလထိ အသင်းမှာ ဆက်ရှိနေခဲ့ပြီးမှ အလွတ်နဲ့ ထွက်သွားကြပါတယ်။ သီယေဂိုလည်း အလားတူ ဖြစ်လာပါလိမ့်မယ်။

ဆော်ဒီဘက်က ဆာလာကို သူတို့လိဂ်ရဲ့ poster boy အဖြစ် အသုံးချလိုနေတာက ထင်သာမြင်သာရှိပါတယ်။ ဒီအခြေအနေမှာတော့ နွေမှာ ဆော်ဒီဘက်က ဆာလာအတွက် ပြောင်းရွှေ့ကြေး မြင့်မြင့်မားမားဖြင့် ခေါ်ယူချင်သေးလား မသိနိုင်သေးပါဘူး။

ဆော်ဒီကလပ် ၁ သင်းသင်းက ဆာလာအတွက် ပေါင် သန်း ၁၀၀ ဖြင့် ကမ်းလှမ်းလာမယ်ဆိုရင် လီဗာပူးဘက်က ဘယ်လိုလုပ်မလဲ စိတ်ဝင်စားစရာဖြစ်ပြီး စာချုပ်သစ်လည်း အဆင်မပြေလို့ ဆာလာ ထွက်ခွင့်တောင်းရင်တော့ အသင်းဘက်က တားဆီးဖွယ် မရှိပါဘူး။

လက်ရှိမှာတော့ လီဗာပူးခေတ်သစ်မှာ ဆက်လက် ပါဝင်ဖို့ ဆာလာကို ဆက်ထိန်းသွားဖို့ပဲ အသင်းဘက်က ရည်ရွယ်ထားတာ ဖြစ်ပါတယ်။