ကလော့ပ်နဲ့အတူ ထွက်ခွာသွားမယ့် နည်းပြအဖွဲ့ထဲက လီဗာပူးအသင်း အားဖြည့်ဖို့ ကျန်နေသေးတဲ့ ၂ နေရာ

ဂန္တဝင်နည်းပြကြီး ယာဂင်ကလော့ပ် ထွက်ခွာသွားမယ့် နေရာကို အစားဝင်လာဖို့ အသက် ၄၅ နှစ်အရွယ် နယ်သာလန်သား နည်းပြ အာနယ် စလော့ကို လီဗာပူးဘက်က ရွေးချယ်ထားပါတယ်။

အာနယ်ဟာ လက်ထောက်နည်းပြအဖြစ် Sipke Hulshoff ၊ စွမ်းဆောင်ရည်ဆိုင်ရာ အကြီးအကဲ Ruben Peeters နဲ့တကွ နည်းစနစ်ဆိုင်ရာ စိစစ် အကြံပေးသူ Etienne Reijnen တို့ကို သူနဲ့အတူ လီဗာပူးအသင်းထံ ခေါ်ယူလာမှာပါ။

အဆိုပါ နည်းပြအဖွဲ့ဝင် ၃ ဦးဟာ ကလော့ပ်နဲ့အတူ အသင်းက ထွက်သွားကြမယ့် လက်ထောက်နည်းပြတွေဖြစ်တဲ့ ပပ်လင်ဒါး၊ ပီတာနဲ့ ကြံ့ခိုင်မှုဆိုင်ရာ ခေါင်းဆောင် Andreas Kornmayer (ကလော့ပ်နဲ့ ရုပ်ဆင်တဲ့တစ်ယောက်) တို့နေရာကို ဝင်ရောက်လာကြမှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဂျော့ရှမတ်ကီနေရာမှာတော့ အားကစားဒါရိုက်တာသစ် အဖြစ် ရစ်ချက်ဟုချ်၊ လက်ထောက် အားကစားဒါရိုက်တာ အဖြစ် ဝုဒ်ဖိုင်းတို့ကိုလည်း အားဖြည့်ဖို့ သဘောတူညီထားပြီ ဖြစ်ပါတယ်။

ဒီနွေမှာ ကလော့ပ်ရဲ့ နည်းပြအဖွဲ့ထဲက အရေးပါ ရာထူးတွေဖြစ်တဲ့ စွမ်းဆောင်ရည် ပြန်လည်ထူထောင်ရေး နည်းပြ Andreas Schlumberger နဲ့ ပထမအသင်းဆိုင်ရာ တိုးတက်ရေးနည်းပြ ဗစ်တာမာတိုစ့်တို့လည်း ထွက်ခွာမှာမို့ သူတို့ ၂ ဦး နေရာကို အစားထိုးဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။

လီဗာပူးကနေ ထပ်မံ ထွက်ခွာဖွယ်ရှိသူကတော့ အစားအသောက်ရေးရာ ကျွမ်းကျင် ပညာရှင် မိုနာဖြစ်ပြီး ကလပ်ရဲ့ သက်တော်ရှည် ဂိုးနည်းပြ John Achterberg နဲ့တကွ ဂိုးနည်းပြတွေတော့ ဆက်ရှိနေမယ် မျှော်လင့်ရပါတယ်။

လီဗာပူးအသင်းဟာ ကလပ်ရဲ့ ပွဲနေ့ဆိုင်ရာ analytics အဖွဲ့ကိုလည်း ဆက်ထိန်းထားမှာဖြစ်ကာ အဖွဲ့သား ထည့်ဖြည့်မှုပါ ပြုလုပ်ထားပါတယ်။ အသင်းရဲ့ ကြံ့ခိုင်ရေးဆိုင်ရာ ဝန်ထမ်းတွေကိုလည်း စလော့ရဲ့ နည်းပြအဖွဲ့အတွက် ဆက်ထိန်းပေးသွားဖို့ ရှိနေပါတယ်။