

လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့မှာ တိုက်စစ်သမား တစ်ဦး ခေါ်ယူဖို့ ချိန်ရွယ်နေကာ ရစ်ချက်ဟုချ်၊ ဝုဒ်ဖိုင်းတို့က မိုက်ကယ်အတ်ဝပ်နဲ့အတူ ကစားသမား ရှာဖွေမှု စတင်နေပြီဖြစ်ပါတယ်။
ဘယ်လို ကစားသမားမျိုး ဖြစ်မလဲအတွက် နည်းပြသစ် အာနယ် စလော့နဲ့ ဆွေးနွေးတိုင်ပင်သွားဖို့ ရှိနေတယ်လို့ သိရတယ်။
The Athletic သတင်းထောက် David Ornstein ကတော့ လီဗာပူးအလိုရှိတဲ့ တိုက်စစ်သမားဟာ “တောင်ပံနေရာတွေကို ကစားနိုင်သူ” ဖြစ်မယ်လို့လည်း ဖော်ထုတ်လာခဲ့ပါတယ်။
လီဗာပူးအသင်းမှာ ဆာလာ၊ ဒါဝင်၊ ဒီယက်ဇ်၊ ဂက်ပို၊ ဂျိုတာတို့ ၅ ဦး ရှိနေပြီး တိုက်စစ်သမား ၁ ဦးကိုတော့ ရောင်းချသွားဖွယ်ရှိကြောင်း သတင်းထွက်ထားတာပါ။ အပြောင်းအရွှေ့မှာ အသံထွက်သူ ၃ ဦးကတော့ ဆာလာ၊ ဒါဝင်၊ ဒီယက်ဇ်တို့ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ တိုက်စစ်အတွက် ဘီဘာအိုမှ နီကို ဝီလီယမ်၊ ပီအက်စ်ဗီမှ ဘာကာယိုကို၊ ပဲလေစ့်မှ အိုလစ်၊ ဆိုစီဒက်မှ ကူဘို၊ ဝက်စ်ဟမ်းမှ ခူးဒက်စ်နဲ့ ပြင်သစ်ကလပ် Reims အသင်းမှ နာကာကူရာတို့ကို စိတ်ဝင်စား ကင်းထောက်နေပါတယ်။
ရာသီကုန်မှ လူစာရင်းထဲက ကစားသမားအချို့ရဲ့ ရေတို ရေရှည် အနာဂတ်ကို အသင်းဘက်က ပြန်လည် စိစစ်မှာဖြစ်ပါတယ်။ နည်းပြသစ်လက်ထက် ကစားသမား အရောင်းကော အဝယ်ပါ ရှိလာမှာဖြစ်ကာ အမာခံ လူစာရင်းကို ဆက်ထိန်းပေးဖို့တော့ အတ်ဝပ်တို့က ပြင်ဆင်ထားပါတယ်။
လီဗာပူးအသင်းဟာ တောင်ပံတိုက်စစ်၊ ကွင်းလယ်ခံစစ်၊ ဗဟို ခံစစ်မှူးနဲ့ ဂိုးသမား နေရာတွေကို အင်အားဖြည့်မယ်လို့ လျာထားတာဖြစ်ပါတယ်။