လီဗာပူးက လူးဝစ် ဒီယက်ဇ်ကို ရောင်းချတော့မှာလား?

လီဗာပူးအသင်းဟာ နည်းပြသစ်ကို အသင်းလူစာရင်းနဲ့ မိတ်ဆက်ပေးခြင်း မတိုင်ခင် အဝတ်လဲခန်းကို တည်ငြိမ်အောင် ဆက်လက် ထိန်းချုပ်ထားဖို့ ကြိုးစားနေပေမယ့် လာမယ့် စျေးကွက်မှာ ကိစ္စကြီးတွေ ဖြစ်လာနိုင်ပါတယ်။

တိုက်စစ်သမား ၅ ဦးလုံးကတော့ နောက်ရာသီ အသင်းမှာ ဆက်ရှိနေမှာ မဟုတ်ကြောင်း နားလည်ထားရချိန်မှာ အသင်းဘက်က စာချုပ်ကိစ္စတွေကို နွေမှာ ညိနှိုင်းစကားပြောဖို့ ရှိနေပါတယ်။

သူတို့တွေထဲမှာ လူးဝစ် ဒီယက်ဇ်ရဲ့ အပြောင်းအရွှေ့ဟာ ဖြစ်မြောက်လာနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ လီဗာပူးဘက်က ၂၀၂၇ ခုနှစ်ထိ ဆက်ရှိနေတဲ့ ကစားသမားကို ဆက်ထိန်းလိုပေမယ့် သူ့ရဲ့ ဖခင်ဖြစ်သူရဲ့ စပိန်မီဒီယာတွေနဲ့ ပလူးပလဲ လုပ်နေမှု၊ အေးဂျင့်ရဲ့ စာချုပ်သစ် ရလိုမှုတွေ ရှိလာနေပါတယ်။

ဗြိတိန် နာမည်ကြီး သတင်းထောက် David Ornstein က လီဗာပူးဟာ တိုက်စစ်အတွက် လူသစ်ရှာရာမှာ အထောင်တိုက်စစ်အတွက် မဟုတ်ဘဲ တောင်ပံနေရာအတွက် ရှာဖွေနေတာလို့ ပြောဆိုလာခဲ့တယ်။

David Ornstein က “ ကျနော်တို့ရဲ့ မတူညီတဲ့ အဆက်အသွယ်တွေကနေ လီဗာပူးက တောင်ပံသမား ရှာနေတာကို ကြားသိထားရပြီးပါပြီ။

သူတို့ ရှိထားပြီးသား ကစားသမားတွေထဲကိုမှ လူသစ် ထည့်ထပ်မှာလား ဆိုတာ ကျနော် မသိပါဘူး။ လူးဝစ် ဒီယက်ဇ်လို အရမ်းကောင်းတဲ့ ကစားသမားက လီဗာပူးမှာ စာချုပ်သစ် မရသေးတာက ထူးဆန်းသလို သူ့ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေတယ်။

ဒီယက်ဇ်က တစ်နေရာရာကို ထွက်သွားနိုင်တယ်ဆိုတဲ့ ဖော်ပြချက်တွေလည်း ရှိနေတော့ စောင့်ကြည့်ရပါမယ်။ ဒါတွေက အုပ်ချုပ်သူအသစ်တွေ လုပ်ဆောင်ပေးရမယ့် ကိစ္စပါပဲ ” လို့ ဆိုခဲ့တာပါ။

လီဗာပူးဘက်က ဒီယက်ဇ်ကို ဆက်ထိန်းလိုနေကြောင်း သိထားရကာ အသက် ၂၇ နှစ်အရွယ် ကိုလံဘီယာသားအတွက် ကမ်းလှမ်းခံရရင်တောင် ပေါင် သန်း ၇၀ ထက် နည်းတဲ့ ပမာဏဆိုရင် စဉ်းစားပေးမှာ မဟုတ်တာဖြစ်ပါတယ်။