ဂျိုတာ၊ ဗန်ဒိုက် လေ့ကျင့်ရေး လွဲချော်ခြင်း၊ ဒီယက်ဇ်ဂိုး မပေးတာ မကြည်ဘူးလို့ ထုတ်ပြောလိုက်တဲ့ ကလော့ပ်နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

တရားဝင် ကြေညာမှုတွေ မထွက်ရှိသေးသမျှ သူဟာ လီဗာပူး နည်းပြ မဟုတ်သေးပါဘူးလို့ အာနယ် စလော့က အသိပေးလိုက်ပါတယ်။

ဗန်ဒိုက်ဟာ အသင်းရဲ့ လေ့ကျင့်ရေးကို ဒီတစ်ပတ်လုံး ပါဝင်နိုင်ခဲ့ခြင်း မရှိတာကြောင့် စပါးနဲ့ပွဲမှာ ပွဲထွက်ကနေ ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဂျိုတာဟာ ဒီအပတ်မှာလည်း အသင်းနဲ့အတူ လေ့ကျင့်ရေး မဝင်နိုင်ဘူးလို့ သိရပါတယ်။ ပေါ်တူဂီသားရဲ့ ဒဏ်ရာဟာ မပြင်းထန်ပေမယ့် ယူရိုအတွက် ကြံ့ခိုင်မှုပိုင်း တည်ဆောက်ဖို့ရာ အသင်းရဲ့ ပွဲတွေကို ဆက်လက် လွဲချော်နိုင်ပါတယ်။

TNT Sports ကတော့ သူတို့ ရုပ်သံမှာ သုံးသပ်သူလုပ်ပေးဖို့ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ် အောင်မြင်ဖူးသူ တစ်ဦးကို အလိုရှိပေမယ့် စနေနေ့ ၁၂ ခွဲမှာ အလုပ်လုပ်နိုင်ရမယ်လို့ ကလော့ပ်ကို တုန့်ပြန် သရော်ပါတယ်။

စပါးပွဲမှာ ဒီယက်ဇ်ရဲ့ သွင်းဂိုးကို လူကျွံဘောဆိုပြီး မပေးခဲ့တဲ့ ကွင်းလယ်ဒိုင်ကို သူ လုံးဝ မကျေနပ်ဘူးလို့ ကလော့ပ်က ဝန်ခံလိုက်ပါတယ်။

ဟူးစီးတီးမှာ ခြေစွမ်းပြနေတဲ့ တောင်ပံသမား ကာဗာရိုကတော့ လီဗာပူးကို ပြန်ရောက်လာရင် စိန်ခေါ်မှုသစ်ကို ရင်ဆိုင်ရဖို့ မျှော်လင့်ကြောင်း ထုတ်ပြောသွားပါတယ်။

လီဗာပူးအသင်းဟာ လာမယ့်ရာသီ ယူအီးအက်ဖ်အေ လူငယ် ပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်ခွင့်ရမှာမို့ ဂျေဒန် ဒန့်စ်တို့လို ကြယ်ပွင့်တွေအတွက် အခွင့်အရေး ဖြစ်လာပါမယ်။

စပိန်ဘက်ကတော့ လီဗာပူးအသင်းဟာ ရီးရဲလ်ဆိုစီဒက် တိုက်စစ်သမား ကူဘိုအတွက် ဆက်သွယ်မှု စတင်နေတယ်လို့ ဖော်ပြနေပါတယ်။

အာနယ် စလော့ ရောက်လာပေမယ့် လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ကို မိုက်ကယ် အတ်ဝပ်၊ ရစ်ချက်ဟုချ်နဲ့တကွ ဘယ်ရီ ဟန်သာ၊ ဒေ့ဗ်ဖော်လိုးတို့လို အသင်းတာဝန်ရှိသူတွေပဲ ဦးဆောင် ရှာဖွေသွားမှာဖြစ်ပါတယ်။

လီဗာပူးဘက်က ခူးဒက်စ်ရဲ့ စာချုပ်ကိစ္စကို စုံစမ်းနေဆဲဖြစ်ကာ တိုက်စစ်သမားဟာ ၂၀၂၅ ခုနှစ်မှ စာချုပ်ပါကြေးဖြင့် ပြောင်းရွှေ့နိုင်မှာဖြစ်တယ်လို့ အသံထွက်လာပါတယ်။