လီဗာပူးမှာ မန်နေဂျာရာထူး တာဝန်ယူခွင့် မရှိခြင်းအပေါ် မှတ်ချက်ပေးလာတဲ့ အာနယ်

လီဗာပူးအသင်းဟာ ကလော့ပ်ခေတ်လွန်မှာ နောက်ထပ် ခေတ်သစ်တစ်ခုကို စတင်မှာဖြစ်ပြီး ကလပ်ရဲ့ ဖွဲ့စည်းပုံကို အသစ်ပြန်ချနေပြီဖြစ်ပါတယ်။

နယ်သာလန်သားနည်းပြ အာနယ် စလော့ လက်ထက်ကစလို့ လီဗာပူးအသင်းဟာ နည်းပြချုပ်အထိပဲ အမြင့်ဆုံး ရာထူးထားတော့မှာဖြစ်ကာ မန်နေဂျာရာထူးကို ဖျက်သိမ်းသွားမှာဖြစ်ပါတယ်။

လီဗာပူးရဲ့ အမေရိကန်ပိုင်ရှင်တွေဟာ အင်္ဂလန်ကလပ်တွေရဲ့ ရှေးရိုး အသင်းတည်ဆောက်ပုံကို လီဗာပူးမှာ ကျင့်သုံးလိုခြင်းမရှိတော့ဘဲ ကျွမ်းကျင်သူတွေကို သူတို့နဲ့ သက်ဆိုင်ရာ ရာထူးတွေမှာ နေရာပေးသွားတော့မှာပါ။

အနာဂတ်မှာတော့ လီဗာပူးအသင်းရဲ့ အရေးကြီး တာဝန်တွေအတွက် သီးသန့် ကျွမ်းကျင်သူတွေ တာဝန်ယူမှာဖြစ်ကာ နည်းပြချုပ်ကတော့ လေ့ကျင့်ရေးမှ တိုးတက်မှုကိုပဲ ပိုမို အာရုံစိုက်ရမှာဖြစ်ပါတယ်။

လီဗာပူးမှာ မန်နေဂျာရာထူးမရဘဲ နည်းပြချုပ်တာဝန်ပဲ ထမ်းဆောင်ရမယ့်အတွက် မေးခွန်းထုတ်ခံရမှုမှာ အာနယ်ကတော့ အေးအေးဆေးဆေးပါပဲ။

“ ကျနော်နဲ့ ပတ်သက်လို့ မင်းတို့ ဘယ်လိုပဲခေါ်ခေါ် စိတ်မဝင်စားပါဘူး။ ကျနော်ကို နည်းပြချုပ် ဒါမှမဟုတ် မန်နေဂျာလို့ မခေါ်ဘဲ အာနယ်လို့ ခေါ်လို့ရပါတယ် ” လို့ အာနယ် စလော့က သောကြာနေ့ မီဒီယာတွေ့ဆုံမှုမှာ ပြောပါတယ်။

“ ကိုယ်လုပ်ချင်တာ လုပ်နေရသ၍ ကျနော်ကတော့ ဂရုမစိုက်ပါဘူး။ လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေနဲ့ ကြိုးစားမယ်၊ ကိစ္စတွေကို စမ်းသပ်ကြမယ်၊ အလုပ်အတူ တွဲလုပ်ကြမယ်၊ ပွဲတွေကစားကြမယ်၊ အဲ့တာကပဲ အကောင်းဆုံး အရာပါ။ ” လို့ ဆက်လက် ပြောဆိုပါတယ်။

နောက်အပတ်ထဲမှာ လီဗာပူးနဲ့ ဖီယင်နုတို့ဟာ နည်းပြကိစ္စကို တရားဝင် ကြေညာမယ်လို့ သတင်းထွက်နေတာဖြစ်ပါတယ်။