ထရန့်ဟာ ဒီရာသီ ပထမဆုံးသော ၂၉ ပွဲမှာ ဂိုးထောက်ပံ့မှု ၂ ကြိမ်ပဲ လုပ်ခဲ့နိုင်ပေမယ့် ကစားကွက် ပြောင်းလဲ ကစားပြီးတဲ့နောက် အခုဆိုရင် နောက်ဆုံး ၅ ပွဲမှာ ဂိုးထောက်ပံ့မှု ၆ ကြိမ် ပြန်လုပ်နိုင်ခဲ့ပါပြီ။
လက်တလောမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူလိုတောင် တင်စားခံနေရတဲ့ ထရန့်ဟာ ဘောလုံးပေးမှုတွေကို အနုပညာ တစ်ရပ်လို့ ခံယူထားသူ ဖြစ်ပါတယ်။ ရူးလောက်တဲ့ ပေးချက်တွေကို လွယ်လွယ်ကူကူ လုပ်တတ်တဲ့ ဖန်တီးရှင်လေးက သူ့ရဲ့ ကစားဟန်နဲ့ ပတ်သက်တဲ့ အမြင်တွေကို ထုတ်ပြောလာခဲ့တယ်။
“ စက္ကန့်ပိုင်းအတွင်း အနေအထားတွေ တိုးတက်သွားဖို့ ကိုယ်လုပ်ဆောင်နိုင်တာက ရူးလောက်စရာပါပဲ။ အသင်းသားတွေ ဘယ်နေရာတွေကို သွားကြမယ်ဆိုတာက ရုပ်ပုံတစ်ခု ဆွဲနေရသလိုပါပဲ။ ကျနော်ကတော့ ဘောလုံးပေးမှုကို အနုပညာရပ်လို့ကို မြင်ပါတယ်။ ဒီတော့ ကျနော် ကောင်းကောင်း ဘောလုံး ပေးနိုင်ခြင်းအပေါ်မှာ အရမ်းလည်း ဂုဏ်ယူပါတယ် ” လို့ ထရန့်က ဆိုပါတယ်။
ထရန့်ဟာ လီဗာပူးစီနီယာအသင်းထံ အသက် ၁၈ နှစ်အရွယ်မှာ စရောက်လာတဲ့ ၂၀၁၆ ကနေ အခုချိန်ထိ ပြိုင်ပွဲစုံမှာ ဂိုးထောက်ပံ့မှု အကြိမ် ၇၀ လုပ်ထားခဲ့ပါပြီ။ အဲ့ထဲက ၅၃ ကြိမ်ဟာ ပရီးမီးယားလိဂ်မှာ လုပ်ထားနိုင်တာ ဖြစ်ပါတယ်။
ဒီရာသီအတွက် ထရန့် အကြိုက်ဆုံး ဂိုးထောက်ပံ့မှုက ရာသီအစောပိုင်း ဘရန့်ဖိုဒ့်နဲ့ပွဲမှာ ဘယ်ခြေနဲ့ လုပ်ခဲ့တဲ့ ဂိုးထောက်ပံ့မှုနဲ့ မကြာသေးခင်က အာဆင်နယ်ပွဲမှာ ဖာမင်နိုရဲ့ သွင်းဂိုးအတွက် သူလုပ်ပေးတဲ့ ဖြတ်တင်ဘောတွေ ဖြစ်ပါတယ်။
ထရန့်ရဲ့ အကျော်ကြားဆုံး ဂိုးထောက်ပံ့မှုကတော့ ဘာစီလိုနာကို ၄-၀ အနိုင်ရမှုမှာ အိုရီဂီအတွက် ဖန်တီးပေးခဲ့တဲ့ ထောင့်ကန်ဘောပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ပရီးမီးယားလိဂ်မှာ သူအကြိုက်ဆုံးသော ဂိုးဖန်တီးပေးမှုကလည်း ကလပ်ရဲ့ ဂန္တဝင် ဂိုးတစ်ဂိုးပဲ ဖြစ်ပါတယ်။
“ ကျနော် အကြိုက်ဆုံး (ပရီးမီးယားလိဂ်အတွက်) က ၂၀၂၁ ခုနှစ်တုန်းက ဝက်စ်ဘရွန်းကို ရင်ဆိုင်တုန်းကပွဲမှာ အယ်လီဆန် သွင်းခဲ့တဲ့ သွင်းဂိုးပါပဲ။ ထောင့်ကန်ဘောဆိုတော့ နည်စနစ်ပိုင်းအရ အလွယ်ဆုံး လုပ်ရတာဆိုပေမယ့် အရေးပါမှုက ရူးလောက်စရာပဲလေ။
အဲ့သွင်းဂိုးက ကျနော်တို့အတွက် ဘယ်လောက်တောင်မှ အရေးကြီးခဲ့သလဲ ဆိုတာကို လူတွေ သတိထားမိကြတာက နည်းပါတယ် ” လို့ ထရန့်က ပြောပြခဲ့တာ ဖြစ်ပါတယ်။