

လီဗာပူးနည်းပြဘဝ နောက်ဆုံးပွဲဖြစ်လာမယ့် ဝုဗ်ကို အန်ဖီးကွင်းမှာ ဧည့်ခံရမယ့် ပွဲစဉ်ဟာ စိတ်ခံစားချက်တွေ ပြင်းထန်မယ့် ပွဲအဖြစ် နည်းပြကလော့ပ်က မှတ်ချက်ပေးလိုက်ပါတယ်။
လီဗာပူးအသင်းဟာ ကလော့ပ်ရဲ့ နောက်ဆုံး အိမ်ကွင်းပွဲ ၂ ပွဲထဲက ၁ ပွဲအဖြစ် စပါးကို ဧည့်ခံရာမှာ ၄-၂ ဖြင့် အနိုင်ရခဲ့ပါတယ်။ ၉ နှစ်ကြာ လီဗာပူးနည်းပြအဖြစ် ရှိနေခဲ့ပြီး ဆုဖလား အားလုံး အောင်မြင်စေခဲ့တဲ့ ကလော့ပ်ကို နှုတ်ဆက်ရတော့မယ့် အချိန်က ရောက်လာပါတော့မယ်။
ကလော့ပ်က “ အခုချိန်မှာ ကျနော်က အမြင့်ဆုံး အခြေအနေမှာ ရှိနေတယ်လို့ ပြောရင် လိမ်ရာကျမှာပါ။ ဒီနေ့ပွဲမှာ ကျနော် စိတ်ခံစားချက်တွေ ထိန်းနိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ နောက်ထပ် အိမ်ကွင်းပွဲ ၁ ပွဲ ရှိပါသေးတယ်။
ဝုဗ်နဲ့ပွဲက အပြောင်းအလဲတွေ များမယ့်ပွဲဆိုတာ သိပါတယ်။ အချိန်လည်း ၂ ပတ် ကျန်ပါသေးတယ်။ အဲ့ပွဲအတွက် အခုချိန်မှာ စိတ်မပူသေးပါဘူး။ ဘာဖြစ်လာမယ်တော့ ကြည့်ရမှာပေါ့။ ” လို့ ပြောပါတယ်။
ရာသီသိမ်း နောက်ဆုံးပွဲအတွက် ကလော့ပ် တောင်းတဲ့ ဆုကတော့ အန်ဖီးကွင်းမှာ မိုးရွာဖို့ပါပဲ။ ဒါဆိုရင်တော့ လူအိုတစ်ယောက်ရဲ့ မျက်ရည်ကို လူအများ မမြင်ရတော့ဘူးပေါ့လို့ ဂျာမာန်သားကြီးက ပြောပါတယ်။
” ဝုဗ်ပွဲမှာ မိုးရွာနေရင်တော့ ကောင်းပါမယ်။ အဲ့ဒါဆိုရင် ကျနော်တို့ ပွဲအပြီး ကွင်းထဲမှာ ဆက်ရှိနေတဲ့အခါ ငိုကြွေးနေမယ့် မျက်ရည်တွေကို ခင်ဗျားတို့ မမြင်ရတော့ဘူးပေါ့ ” လို့ ကလော့ပ်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ အက်စတွန်ဗီလာနဲ့ အဝေးကွင်းပွဲ၊ စပါးနဲ့ အိမ်ကွင်းပွဲတွေကို ရင်ဆိုင်ကစားပြီးရင် ဘောလုံးရာသီတစ်ခုနဲ့ ခေတ်တစ်ခုကို အဆုံးသတ်တော့မှာဖြစ်ပါတယ်။ နောက်ရာသီမှာတော့ အသင်းဟာ နည်းပြသစ်နဲ့ ရှေ့ဆက်သွားဖို့ စီစဉ်ထားခဲ့ပါပြီ။