ကလော့ပ်အတွက် ဘောလုံးကစားပေးချင်မိတယ်လို့ အံ့အားသင့်ဖွယ် ထုတ်ပြောလာတဲ့ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကတော့ သူဟာ ပုဂ္ဂိုလ်ရေးအရ နည်းပြကလော့ပ်ကို လေးစား အထင်ကြီးတယ်လို့ ထုတ်ဖော် ဝန်ခံခဲ့ပါတယ်။

ဘောလုံးဝေဖန်သူ တစ်ဦးအဖြစ် ဂွကျကျ အမြင်တွေကို အများကြီး ထုတ်ပြောခဲ့တဲ့ ရွိုင်ကိန်းကတော့ ကလော့ပ်ဟာ လီဗာပူးမှာ အကောင်းဆုံး ပဲ့ကိုင်ခဲ့ကြောင်း ရှုမြင်ပါတယ်။

ရွိုင်ကိန်းက ” အားလုံးကို ခြုံငုံကြည့်မယ်ဆိုရင် ကလော့ပ်က လီဗာပူးဘောလုံးအသင်းအတွက် အံ့မခန်းတွေ လုပ်ပေးခဲ့ပါတယ်။ လီဗာပူးမှာ သူဖန်တီးခဲ့တဲ့ ကစားဟန်ကလည်း သိပ်ကို ဖျော်ဖြေမှုပေးပါတယ်။ လူငယ်တွေကိုလည်း သူ အခွင့်အရေး ပေးခဲ့တယ်။

လီဗာပူးက ဆုဖလားကြီးတွေကိုလည်း အောင်မြင်ခဲ့တယ်။ အောင်မြင်လုဖြစ်ခဲ့တာ၊ လွဲချော်ခဲ့တာတွေလည်း ရှိပါတယ်။ သူနဲ့အတူ လီဗာပူးက အနိမ့်အမြင့် အတက်အကျတွေ ရှိခဲ့ပါတယ်။ ကလော့ပ်က ခံစားချက် သိပ်ပြင်းထန်သူပါ။

ကလော့ပ်ဟာ ရိုးသားတဲ့ မန်နေဂျာ တစ်ဦးလည်းဖြစ်ပါတယ်။ သူက ပွဲတွေ အများကြီး ကစားရတာကို မကြိုက်ဘူး။ စက်ရုပ်ဆန်ဆန် ပွဲတွေကစားရတာကို မကြိုက်တဲ့သူပါ။

ကျနော့ရဲ့ ကစားသမားဘဝ နေ့ရက်တွေတာ ပြန်ရမယ်ဆိုရင် ကလော့ပ်အတွက် ဘောလုံးကစားပေးချင်စိတ် ရှိပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ဟောင်းက လီဗာပူးနည်းပြအတွက် ကစားပေးချင်တယ်ဆိုတာက ကလော့ပ်အပေါ် သူ့ရဲ့ တန်ဖိုးဖြတ်မှု ဘယ်လောက်ထိ ကြီးမားသလဲ မြင်သာနေတာပဲ ဖြစ်ပါတယ်။