လီဗာပူးနည်းပြ နောက်ဆုံးပွဲကို ကလော့ပ် လွဲချော်သွားနိုင်ချေ ရှိနေဆဲလို့ သတိပေးချက်

ယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းကို ကိုင်တွယ်ဖို့ ၂ ပွဲပဲ ကျန်ရှိနေပြီး ဘောလုံးရာသီကုန်ရင် ထွက်ခွာသွားတော့မှာပါ။

သူ့ရဲ့ နောက်ဆုံးပွဲဟာ မေလ ၁၉ ရက်နေ့ အန်ဖီးမှာ ဝုဗ်ကို ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ် ဖြစ်လာပါမယ်။ ဒါပေမယ့် အဆိုပါပွဲမှာ အန်ဖီးကွင်းအတွင်း ကလော့ပ် ရှိခွင့်ရမယ် မသေချာသေးဘူးလို့ Liverpool Echo က ဆိုပါတယ်။

ကလော့ပ်ဟာ ဒီရာသီ အဝါကတ် ၂ ကြိမ် ရထားပြီဖြစ်တာကြောင့် အက်စတွန်ဗီလာပွဲမှာ အဝါကတ် ပြခံရမယ်ဆိုရင် ဝုဗ်နဲ့ပွဲကို လွဲချော်သွားမှာ ဖြစ်ပါတယ်။

ကလော့ပ်ဟာ ဒီရာသီအတွင်း လူတန်တောင်း၊ ဘန်လေပွဲတွေမှာ ဒိုင်ကို စောဒကတက်လို့ အဝါကတ်တွေ ပြသခံထားရပြီးပါပြီ။ နောက်ထပ် အဝါတစ်ကြိမ်ဆိုရင် ၁ ပွဲပယ်ခံရမှာပါ။

ဝုဗ်ပွဲမှာတော့ ကွင်းလယ်ဒိုင်အဖြစ် Simon Hooper က တာဝန်ယူမှာဖြစ်ပါတယ်။ ၎င်းဟာ စပါးနဲ့ပွဲတုန်းက ဒီယက်ဇ်ရဲ့ သွင်းဂိုးအား ပယ်ဖျက်ခဲ့ရာမှာ တာဝန်ရှိသူဖြစ်သလို ဂျိုတာနဲ့ ဂျုံးတို့ကို အနီကတ် ပြခဲ့သူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကပဲ ကလော့ပ်က စပါးပွဲမှာ ဒီယက်ဇ်ရဲ့ သွင်းဂိုးကို ပယ်ဖျက်ကြတဲ့ ဆုံးဖြတ်ချက်ကို လုံးဝ မကျေနပ်ဘူးလို့ ပေါ်တင် ထုတ်ပြောခဲ့သေးတာ ဖြစ်ပါတယ်။