ဒါဝင် နူးညက်စ်ရဲ့ အင်စတာဂရမ်မှာ လီဗာပူးအသင်းနဲ့ ဒီရာသီ ပုံရိပ်တွေကို ပယ်ဖျက်ထားမှုဟာ အပြောင်းအရွှေ့ ကိစ္စတွေကို ပိုမို အားကောင်းလာစေပါတယ်။
၂၀၂၂ နွေမှာ ဘင်ဖီကာကနေ လီဗာပူးထံ ပေါင် ၈၅ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ဒါဝင်ဟာ သူ့ရဲ့ လိုအပ်ချက်များတဲ့ အဆုံးသတ်မှုတွေအတွက် ဝေဖန်ခံနေရသူပါ။ သည်းမခံနိုင်တဲ့ ပရိသတ်အချို့က ဒါဝင်ကို လူမှုကွန်ယက်ကနေ ဝေဖန် တိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်လာနေတယ်။
ဒါဝင်ကတော့ လီဗာပူးနဲ့ သက်ဆိုင်တဲ့ ပုံရိပ်တွေကို အင်စတာဂရမ်ကနေ ဖျက်ထားသလို အချို့ လီဗာပူးဖန်ပေ့တွေကိုလည်း block တာမျိုးတွေ ပြုလုပ်ထားပါတယ်။
တချိန်တည်းမှာ ဒါဝင်ကို ခေါ်ယူဖို့ ကလပ်အချို့က စိတ်ဝင်စားနေကြောင်းလည်း အသံထွက်လာနေတယ်။ လာလီဂါကလပ် ဘာစီလိုနာကလည်း အဆိုပါ အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။
မာဆေးဆိုဒ် သတင်းထောက်တွေကတော့ လီဗာပူးအသင်းဟာ ဒါဝင်ကို ခပ်မြန်မြန် လက်လျော့မှာ မဟုတ်ဘဲ အသင်းရဲ့ အနာဂတ်ထဲ ထည့်ထားဆဲလို့ ဆိုပါတယ်။ မကြာခင်မှာ ဒါဝင်နဲ့ အာနယ်ကြား မျက်နှာခြင်းဆိုင် တွေ့ဆုံမှုရှိလာမယ်လို့လည်း ဆိုကြပါတယ်။
လီဗာပူးအသင်းနဲ့ ဆက်နွယ်သူ မဟုတ်တဲ့ ရိုမန်နိုကိုယ်တိုင်ကလည်း ” လီဗာပူးကနေ ဒါဝင် နူးညက်စ် ထွက်ခွာဖို့ ကိစ္စက အခုချိန်ထိတော့ ဘာမှဖြစ်မလာသေးပါဘူး။ တိုက်စစ်သမားက နည်းပြအာနယ် စလော့နဲ့ တွေ့ဆုံစကားပြောမှာပါ။
လူမှုကွန်ယက်ပေါ်က ဖြစ်ရပ်တွေဟာ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေအပေါ် သက်ရောက်မှု ရှိစေမှာ မဟုတ်ပါဘူး ” လို့ မှတ်ချက်ပေးလာပါတယ်။
လီဗာပူးအသင်းဟာ အနာဂတ်အတွက် အစီအစဉ်တွေကို ဒီနွေမှာ ဆက်တိုက် လုပ်ဆောင်ပြရမှာဖြစ်ကာ နည်းပြသစ်အပြင် စာချုပ်ကိစ္စတွေကိုလည်း စီမံဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။