လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့မှာ တောင်ပံသမား တစ်ဦးကို ခေါ်ယူဖို့ အာရုံစိုက်နေကာ တိုက်စစ်ပိုင်းကို ပြုပြင်ဖို့ ကြံရွယ်နေပါတယ်။
အသင်း စောင့်ကြည့်နေတဲ့ တိုက်စစ်သမားတွေ များပေမယ့် မိုက်ကယ်အတ်ဝပ်တို့ဟာ ငယ်ရွယ်ပြီး တိုးတက်နိုင်ဆဲ လူငယ် ကစားသမားမျိုးကို ပိုမို ခေါ်ယူလိုနေတယ်လို့ သိရတယ်။
ကလော့ပ်နေရာ ဆက်ခံရမယ့် အာနယ် စလော့ဟာ တိုက်စစ်ပိုင်း အင်အားချဲ့မှုကို ကြိုဆိုပြီး လူငယ်ကြယ်ပွင့်တွေနဲ့ အလုပ်လုပ်ရမှာကို သဘောကျနေပါတယ်။ အသင်းဟာ ဆာလာနဲ့ ဒီယက်ဇ်တို့ကို ဆက်ထိန်းသွားဖို့လည်း ကြိုးစားသွားမှာပါ။
နယ်သာလန်သတင်းဌာန HLN_BE ကတော့ လီဗာပူးအသင်းဟာ နယ်သာလန်လိဂ် ပြည်တွင်း အမှတ်ပေးချန်ပီယံ ဘာကာယိုကို အား အတော်လေး စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ ဒီရာသီမှာ ဘာကာယိုကိုဟာ ပြိုင်ပွဲစုံ ၄၆ ပွဲ ကစားရာမှာ ကိုယ်တိုင် ၁၄ ဂိုး သွင်းပြီး ဂိုးထောက်ပံ့မှု ၁၄ ကြိမ် လုပ်ထားပေးနိုင်ပါတယ်။
ပီအက်စ်ဗီဘက်ကတော့ သူတို့အသင်းရဲ့ အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမားအတွက် ကလပ်စံချိန်တင်ကြေး ယူရို သန်း ၅၀ ရလိုပါတယ်။ ဘယ်ခြေအားသန် ညာတောင်ပံသမားကို လီဗာပူး လိုက်နေခဲ့တာ မနှစ်တည်းကလို့ သိထားရတယ်။
လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူး နေရာအတွက်လည်း ဖရန့်ဖတ်မှ ပါချိုကို သဘောကျနေပါတယ်။ အသက် ၂၂ နှစ် အရွယ် အီကွေဒေါ ခံစစ်မှူးအတွက် လီဗာပူးဘက်က ယူရို သန်း ၆၀ ဝန်းကျင် သုံးရဖွယ် ရှိပါတယ်။
လီဗာပူးဘက်ကတော့ ချယ်ဆီးအသင်းမှ ခံစစ်မှူး လီဗီ ကိုးဝဲလ်ကိုလည်း သဘောကျနေဆဲဖြစ်ကာ ဒီနွေမှာ အသက် ၂၁ နှစ်အရွယ် အင်္ဂလန်သားကို ခေါ်ယူခွင့် ရနိုင်မလား ထပ်မံ ချဉ်းကပ်ဖွယ် ရှိနေပါတယ်။