ဒါဝင်ရဲ့ အေးဂျင့်က ဘာစီလိုနာကို ကမ်းလှမ်းပေမယ့် ကိစ္စက အဲ့လောက် မရိုးရှင်းပါဘူး

လီဗာပူးတိုက်စစ်မှူး ဒါဝင် နူးညက်စ်နဲ့ ဘာစီလိုနာကြား ကက်တလန်သတင်းဌာနတွေက အပြောင်းအရွှေ့ ချိတ်ဆက်ဖော်ပြမှုတွေ ရှိနေပမယ့် ကိစ္စတွေက ပြောသလောက် မလွယ်ဘူးလို့ သိထားရပါတယ်။

ဒါဝင် နူးညက်စ်ရဲ့ အင်စတာဂရမ်မှာ လီဗာပူးအသင်းနဲ့ သက်ဆိုင်တဲ့ ပိုစ့်တွေကို ဖျက်ချလိုက်ခြင်းနဲ့ အသင်းဘက်က အသင်းသားတွေကို အားလပ်ရက်ပေးထားချိန် သူ ဘာစီလိုနာကို ခရီးထွက်ခြင်းဟာ အပြောင်းအရွှေ့ သတင်းတွေကို လှုပ်ခတ်စေခဲ့ပါတယ်။

ဘာစီလိုနာ အခြေစိုက် စပိန်ဘာသာဖြင့် ဖြန့်ဝေတဲ့ Sport အားကစားဌာနကနေပြီး လီဝန်ဒေါစကီး ထွက်ခွာခဲ့ရင် ကက်တလန်ကလပ်ဟာ ဒါဝင် နူးညက်စ်ကို ခေါ်ယူဖို့ ကြိုးစားမယ့်အကြောင်း ဖော်ပြလာတာပါ။

ကျနော်တို့ ဖတ်ရသလောက် စပိန်သတင်းဌာနက ရေးသားမှုမှာ ဒါဝင်ရဲ့ အေးဂျင့်ဖြစ်တဲ့ Jorge Mendes က သူ့ကစားသမားကို ခေါ်ယူနိုင်ကြောင်း ဘာစီလိုနာကို ချိတ်ဆက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီနေရာမှာ LFCThaDin ဖတ်ရှုသူတွေကို ရှင်းရှင်းလင်းလင်း ထောက်ပြလိုတာက လီဝန်ဒေါစကီး ထွက်ခွာဖို့ နီးလာတာဟာ သူ့ရဲ့ လုပ်ခတောင်းဆိုမှု မြင့်မားတာကို ဘာစီလိုနာဘက်က ဘဏ္ဍာရေးအခြေအနေအရ မတတ်နိုင်လို့ဖြစ်ပါတယ်။

ဘာစီလိုနာဘက်က ဒါဝင်ကို ခေါ်ယူမယ်ဆိုရင် လုပ်ခပိုင်းမှာ လီဝန်ဒေါစကီးလောက် မပေးရဘူးဆိုပေမယ့် သူတို့က လီဗာပူးတောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးရပါလိမ့်မယ်။

ဘာစီလိုနာဘက်က ဒါဝင်ကို သိပ်လိုချင်နေရင်တော့ ၂၀၂၈ ခုနှစ်ထိ အသင်းနဲ့ စာချုပ်ရှိထားတဲ့ တိုက်စစ်သမားအတွက် အသင်းပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၈၅ သန်း ရှိတာကို သတိပြုရပါမယ်။ လီဗာပူးဘက်ကတော့ ဒီပမာဏကို အများကြီး အရှုံးခံသွားဖွယ် မရှိပါဘူး။

အသင်းဟာ ဒါဝင် နူးညက်စ်ကို ၂ ရာသီမှာတင် လက်လျော့သွားဖို့ ရည်ရွယ်ချက်မရှိကြောင်း အပြင် နည်းပြသစ်ဖြစ်လာမယ့် အာနယ် စလော့ကို ဒါဝင်နဲ့ တွေ့ဆုံခွင့်ပေးဦးမှာလို့လည်း မာဆေးဆိုဒ် သတင်းထောက်တွေရဲ့ ထုတ်ဖော်မှုကနေ ကျနော်တို့ သိထားရတာဖြစ်ပါတယ်။