ယာဂင်ကလော့ပ်ရဲ့ နှုတ်ဆက်ပါတီကို လီဗာပူးသား နာမည်ကျော်တွေနဲ့အတူ ပျော်ပွဲရွှင်ပွဲ အဖြစ် ပြုလုပ်ပေးဖို့ လီဗာပူးအသင်းက စီစဉ်ထားပါတယ်။
မြို့လည်ခေါင်က ကပွဲရုံမှာ ပြုလုပ်မယ့် နှုတ်ဆက်ပွဲမှာတော့ လူရွှင်တော် John Bishop အပြင် ပေါ့အဆိုတော်အဖွဲ့ Lightning Seeds တို့လည်း ပါဝင်ပေးဖို့ သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ မတ်လ ၁၉ ရက်နေ့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ဝုဗ်နဲ့ပွဲမှာ ကလော့ပ်ကို ဂုဏ်ပြု နှုတ်ဆက်မှာဖြစ်ပါတယ်။ မေ ၂၈ ရက်မှာတော့ မြို့လည်ခေါင်က M&S Arena on Liverpool မှာ ဖျော်ဖြေပွဲတွေနဲ့အတူ ယာဂင်ကလော့ပ်နှင့် သူ၏ အထူး ဧည့်သည်များဆိုတဲ့ နှုတ်ဆက်ပွဲကိုလည်း ထပ်လုပ်သွားမှာပါ။
မူလက အမိုးဖွင့်ဘက်စ်ကားနဲ့အတူ မြို့တွင်းကို လည်ပတ်ဖို့ လီဗာပူးဘက်က စီစဉ်ထားပေမယ့် ယူရိုပါလိဂ်ကနေ ထွက်ခွာရအပြီး အဆိုပါ အစီအစဉ်ကို ပြောင်းလဲဖို့ အသင်းက ဆုံးဖြတ်လိုက်ပါတယ်။
မလိုလားအပ်တဲ့ တုန့်ပြန်မှုတွေကို ရှောင်ရှားလိုတဲ့ အသင်းရဲ့ သဘောထားကို ကလော့ပ်က အပြည့်အဝ ထောက်ခံလိုက်ပြီး အသင်းပရိသတ် သီးသန့်နဲ့ပဲ နှုတ်ဆက်ရမယ့် အခွင့်အရေးအတွက် သူက ကြိုဆိုထားပါတယ်။
လီဗာပူးအသင်းနဲ့ နီးစပ်သူတွေလည်း တက်ရောက်ကြမယ့် အဆိုပါ ဖျော်ဖြေပွဲမှာတော့ ကလော့ပ်ဟာ ဂန္တဝင်တစ်ဦးကဲ့သို့ ဂုဏ်ပြုမှုအဖြစ် လီဗာပူးမြို့သားတွေရဲ့ ချစ်ခြင်းတွေကိုပါ ပိုင်ဆိုင်ခွင့်ရမှာပဲဖြစ်ပါတယ်။