NEWS: ဘင်ဖီကာမှ ပက်ဒရို မာဂက်စ်နဲ့အတူ ဂျူလီယန်ဝတ်ကို ပြန်ခေါ်ယူလိုက်တဲ့ FSG

လီဗာပူးပိုင်ရှင်အဖွဲ့ FSG ဟာ မိုက်ကယ်အတ်ဝပ်နဲ့အတူ အောင်မြင်တဲ့ တွဲဘက်ဖြစ်ခဲ့တဲ့ ဂျူလီယန်ဝတ်ကို ပြန်လည် ခေါ်ယူလိုက်ကြောင်း အတည်ပြုခဲ့ပြီဖြစ်ပါတယ်။

FSG က ၎င်းတို့ရဲ့ ဘောလုံးဆိုင်ရာ အော်ပရေးရှင်းမှာ အကြီးဆုံး ရာထူးအဖြစ် Football CEO ရာထူးနဲ့ မိုက်ကယ်အတ်ဝပ်ကို ခေါ်ယူခဲ့တာပါ။

ဂျူလီယန်ဝတ်ကိုတော့ ယခင်ရာထူး လက်ထောက် အားကစားဒါရိုက်တာထက် ပိုမြင့်တဲ့ နည်းစနစ်ဒါရိုက်တာ ရာထူးပေးပြီး ပြန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒါတင် မပြီးသေးဘဲ ဘင်ဖီကာမှ ပက်ဒရို မာဂက်စ်ကိုလည်း ဘောလုံးတိုးတက်မှုဆိုင်ရာ ဒါရိုက်တာ ရာထူးနဲ့ ခေါ်ယူလိုက်ကြောင်း အတည်ပြုပါတယ်။

လက်ရှိ ခေါ်ယူလိုက်တဲ့ ရာထူးတိုင်းဟာ လီဗာပူးအသင်းနဲ့ တိုက်ရိုက် အလုပ်လုပ်ရမှာ မဟုတ်ပေမယ့် အန်ဖီးရဲ့ တိုးတက်မှုဆိုင်ရာ အစီအစဉ်တွေကို ပါဝင် အကောင်အထည် ဖော်ပေးရမှာ သေချာပါတယ်။

ဂျူလီယန်ဝတ်ဟာ လွန်ခဲ့တဲ့ ၁၂ လကပဲ လီဗာပူးကနေ ထွက်ခွာခဲ့သူပါ။ သူဟာ နည်းပြကလော့ပ် ခေါ်ယူလိုတဲ့ ဒီယက်ဇ်၊ ဒါဝင်၊ ဂက်ပို၊ မက်ကယ်လစ္စတာတို့ကို တာဝန်ယူ ခေါ်ယူပေးခဲ့သူ ဖြစ်ပါတယ်။

၂၀၂၂ မှာ ဆုလာကို သက်တမ်းတိုးဖို့ ဦးဆောင်ခဲ့သေးတဲ့ ဂျူလီယန်ဝတ်နဲ့ မာဂက်စ်တို့ဟာ ဇွန်လ ၁ ရက်နေ့မှာ FSG အတွက် စတင် တာဝန်ထမ်းဆောင်ကြမှာ ဖြစ်ပါတယ်။

လီဗာပူးအတွက် တိုက်ရိုက် တာဝန်ယူဖို့တော့ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်၊ လက်ထောက် အားကစားဒါရိုက်တာ ဒေးဗစ် ဝုဒ်ဖိုင်းတို့ကို အသစ် ခေါ်ယူထားပြီ ဖြစ်ပါတယ်။