လီဗာပူးအသင်းဟာ ဒီနွေမှာတော့ လူသစ် ခေါ်ယူမှုတွေနည်းတူ ကစားသမား ရှင်းထုတ်မှု အချို့ကိုလည်း ပြုလုပ်သွားမယလို့ သိထားရပါတယ်။
လီဗာပူးအသင်းဘက်က အသက် ၃၀ အထက် ကစားသမား ၃ ဦးဖြစ်တဲ့ သီယေဂို၊ မာတစ်နဲ့ အတ်ဒရီယန်တို့ကို အလွတ်ဖြင့် လက်လွတ်ခံမှာဖြစ်ပါတယ်။ သူတို့ရဲ့ စာချုပ်တွေက ဇွန်လ ၃၀ ရက်နေ့တွေမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒီကစားသမား ၃ ဦးနဲ့တင် ကလပ်ဟာ တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းလောက်ကို လျော့ချနိုင်ပါလိမ့်မယ်။
စီနီယာလူစာရင်းထဲကနေ ပြောင်းရွှေ့ကြေးတွေဖြင့် ထွက်ခွာနိုင်သူတွေထဲမှာတော့ ဂိုးသမား ကလယ်ဟာက ထိပ်ဆုံးက ပါဝင်ပါတယ်။ လီဗာပူးဘက်က ဝုဗ်နဲ့ ဆဲတစ်တို့ စိတ်ဝင်စားနေတဲ့ ကလယ်ဟာကို လက်လွတ်ရရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀-၃၀ ကြား ရလိုနေပါတယ်။
ဘယ်အစွန်လူ ကိုစတက်နဲ့ ညာအစွန်လူ ဂိုးမက်စ်တို့ကလည်း လီဗာပူးကနေ ထွက်ခွာသွားဖို့ နီးစပ်နေကြတာပါ။ ဂိုးမက်စ်ဟာ လီဗာပူးအတွက် စွယ်စုံရ ကစားသမားအဖြစ် ပွဲထွက်ပေးနေပြီး နှစ်ဦးပေါင်းအတွက် ပေါင် သန်း ၅၀ ရဖို့ လီဗာပူးဘက်က မျှော်လင့်နေတာပါ။
ညာခြမ်းမှာ ဘရတ်ဒလေ အဆင်သင့်ရှိပေမယ့် ရော်ဘတ်ဆန်ရဲ့ အရန်အတွက် လီဗာပူးဘက်က တိုက်ရိုက် အားဖြည့်မှု မလုပ်ဘဲ အိုဝင်ဘက်၊ လုချမ်ဘာတို့ကို နေရာပေးဖွယ် ရှိပါတယ်။
ဗဟိုခံစစ်မှူးတွေဖြစ်တဲ့ နက်ဖီးလစ်နဲ့ ဗန်ဒန်ဘတ်တို့ကလည်း ဒီနွေမှာ ရောင်းထုတ်ခံရမှာဖြစ်ကာ ဒီနှစ်ဦးအတွက်တော့ ပေါင် ၁၀-၂၀ သန်းကြား ရဖွယ်ရှိပါတယ်။ အသင်းဟာ ဗန်ဒိုက်နဲ့တွဲဘက်ပေးဖို့ အရည်အချင်းရှိ လူငယ်ခံစစ်မှူးသစ် ၂ ဦးလောက်ကို ခေါ်ယူလိုနေကြောင်း သိထားရပါတယ်။
တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလာ၊ ဒါဝင်၊ ဒီယက်ဇ်တို့က အပြောင်းအရွှေ့ သတင်းတွေ ထွက်နေပေမယ့် လီဗာပူးဘက်က သူတို့ကို ဆက်ထိန်းဖွယ် ရှိပါတယ်။ အကယ်လို့ ရောင်းထုတ်ရမယ်ဆိုရင်လည်း မြင့်မားတဲ့ စျေးနှုန်းရဖို့ အသင်းဘက်က ကြိုးစားမှာပါ။
ဆာလာအတွက် ဆော်ဒီဘက်က ပေါင် သန်း ၆၀ အထက် ကမ်းလှမ်းလိုပြီး ဒီယက်ဇ်အတွက် လီဗာပူး တောင်းဆိုမှာက ပေါင် ၇၅ သန်းလို့ သိထားရတယ်။ ဒါဝင်ကိုတော့ အသင်းဘက်က မရောင်းဘူးလို့ သိထားရကာ သူ့ကို ခေါ်ယူစဉ် ပေးရတဲ့ ပေါင် ၈၅ သန်းကို အများကြီး အရှုံးခံဖို့တော့ မရှိပါဘူး။
ကယ်ဗင်ရမ်ဆေး၊ ဖေဘီယို ကာဗာရို၊ တိုင်လာ မော်တန်တို့လို လူငယ်တွေရဲ့ အနာဂတ်က ဒီနွေမှာ ရှင်းရှင်းလင်းလင်း သိရမှာဖြစ်ကာ သူတို့ကို အပြီးသတ်ဖြင့် ထွက်ခွင့်ပေးရင်တော့ အံ့အားသင့်ရမှာပဲ ဖြစ်ပါတယ်။