လူတိုင်း လိုချင်နေတဲ့ VAR အပြောင်းအလဲကို လက်စတာ vs လီဗာပူး ပွဲမှာ မြင်တွေ့ရတော့မည်

လာမယ့် ပရီးမီးယားလိဂ်ပွဲတွေအတွက် နည်းလမ်းအသစ်တွေ မိတ်ဆက်ပေးဖို့ ပြင်ဆင်လာရာမှာ နောက်ဆုံးမှာတော့ ဘောလုံးပရိသတ်တွေဟာ VAR ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်တဲ့ ဖြေရှင်းချက်ကို တရားဝင် ကြားသိရတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေဟာ ၂၀၁၉-၂၀ ရာသီမတိုင်ခင် ဗီဒီယိုနည်းပညာကို အသုံးပြုဖို့ တညီတညွတ်တည်း မဲပေးခဲ့ကြတာ ဖြစ်ပေမယ့် အဲ့နောက်ပိုင်း အငြင်းပွားစရာတွေက အမြဲ ဖြစ်လာခဲ့တာပါ။

ဒီကာလတွေအတွင်း မကြာခဏဆိုသလို ဒိုင်အဖွဲ့က ကလပ်တွေကို တရားဝင် တောင်းပန်စာတွေ ဆက်တိုက် ပို့နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေ ဝေဖန်ကြတဲ့ အဓိကအကြောင်းရင်းက VAR ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ပွင့်လင်းမြင်သာမှု မရှိဘဲ နောက်ကွယ်ကနေ လိုသလို ထိန်းချုပ်နေတယ်လို့ ယူဆစရာ ဖြစ်နေခြင်းပါပဲ။

ဒီဇင်ဘာကတည်းက ပရီးမီးယားလိဂ် ဒိုင်ချုပ် တာဝန်ကို ယူခဲ့တဲ့ ဝဘ်ဟာ ပရိသတ်တွေ လိုချင်နေတဲ့ ကိစ္စကို ဒီရာသီ မကုန်ခင်မှာပဲ လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထုတ်လုပ်ရေးရဲ့ ရှေ့ပြေးရှိုးအသစ် တစ်ခုကို လာမယ့် တနင်္လာနေ့မှာ စတင်ထုတ်လွှင့်သွားမှာပါ။ အဲ့နေ့မှာ လက်စတာနဲ့ လီဗာပူးရဲ့ ပရီးမီးယားလိဂ်ပွဲ ရှိနေပါတယ်။ ဒီအစီအစဉ်မှာ ပြီးခဲ့တဲ့အပတ်က ပွဲတွေအတွင်း ချမှတ်ခဲ့တဲ့ အဓိက ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ အသံဖိုင်တွေကို ပြန်လည် ထုတ်ပြသွားမှာပါ။

VAR ဆွေးနွေးမှု အသံတွေကို အများပြည်သူဆီ ထုတ်ပြဖို့ ဝဘ်ဟာ ဖီဖာနဲ့ ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ ဖီဖာကလည်း ပွဲကစားနေတုန်းမှာ အဲ့ဒီ့အသံတွေကို တိုက်ရိုက် ထုတ်လွှင့်ဖို့ ခွင့်မပြုပေမယ့် ပွဲပြီးရင် ပြန်သုံးဖို့တော့ ခွင့်ပြုပေးထားတာပါ။

နောက်ရာသီကျရင် ဒီလို အသံတွေ ပြန်ထုတ်လွှင့်ပေးတာကို ပုံမှန်ပြုလုပ်ဖို့ ဝဘ်က တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ဒိုင်နဲ့ ပွဲကြီးကြပ်သူတွေကြားက ဆွေးနွေးတဲ့ အသံတွေကို ရုပ်သံကြည့်ရှုသူတွေပါ ကြားသိနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီအပြောင်းအလဲတွေဟာ မှန်ကန်တဲ့ ဦးတည်ချက်တွေထံ ရောက်လာဖို့ မျှော်လင့်ရတာပဲ ဖြစ်ပါတယ်။