ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့နဲ့ သတင်းကြီးနေတဲ့ ဒီယက်ဇ်က သူ့ အနာဂတ်အတွက် နှုတ်ဖွင့်လာ

ဒီနွေမှာ ကလော့ပ် ထွက်ခွာတော့မှာဖြစ်တာကြောင့် ကစားသမား အချို့ဟာ စိန်ခေါ်မှု အသစ်တွေအတွက် လီဗာပူးကနေ ပြောင်းရွှေ့လိုတယ်လို့ စပိန်နဲ့ ဗြိတိန်သတင်း အချို့က ဖော်ပြလာနေပါတယ်။

အဲ့လို ကစားသမားတွေထဲ လူးဝစ် ဒီယက်ဇ်လည်း ပါဝင်တယ်လို့ အပြောင်းအရွှေ့ သတင်းတွေက ဆိုကြပါတယ်။

ဒီနေရာမှာ LFCThaDin ဖတ်ရှုသူတွေကို ရှင်းပြလိုတာက ဒီအပြောင်းအရွှေ့ အသံတွေဟာ ပြင်ပသတင်းဌာနတွေက လာနေတာ ဖြစ်ပါတယ်။ လီဗာပူးအသင်းကတော့ ဒီယက်ဇ်ကို ဆက်ထိန်းထားဖို့ ရည်ရွယ်သလို ကမ်းလှမ်းမှုတွေ ပေးလာရင်တောင် ပေါင် သန်း ၇၅ ထက်နည်းတဲ့ စာချုပ်ကို စဉ်းစားပေးမှာ မဟုတ်ပါဘူး။

ပီအက်စ်ဂျီဘက်က အမ်ဘာပေးနေရာ အစားထိုးဖို့ လူသစ်ရှာနေပြီး အသက် ၂၇ နှစ်အရွယ် ဒီယက်ဇ်ကို ခေါ်လိုတယ်ဆိုရင် မာဆေးဆိုဒ်ကလပ် တောင်းဆိုမယ့် ပမာဏကို နားလည်ထားပြီး ဖြစ်ပါတယ်။

ဒီယက်ဇ်ရဲ့ ဖခင်က သူ့သားကို စပိန်မြေမှာ ကစားစေချင်တဲ့ အိပ်မက်ရှိပေမယ့် လီဗာပူးနဲ့ ဒီယက်ဇ်ကြားမှာ ၂၀၂၇ ခုနှစ်ထိ စာချုပ်ရှိထားတာပါ။

ကစားသမား ကိုယ်တိုင်ကတော့ အန်ဖီးမှာ ပျော်နေတယ်လို့ ပြောပါတယ်။ သူ့ဘက်ကတော့ အသင်းပြောင်းလိုစိတ် မရှိသေးသလို လီဗာပူးအတွက် ရာနှုန်းပြည့် ပေးဆပ်လိုဆဲလို့ ထုတ်ဖော်ပါတယ်။

ဒီယက်ဇ်က “ အမှန်တရားကတော့ ကျနော် လီဗာပူးမှာ ပျော်နေတယ်ဗျာ။ သိပ်ကောင်းတဲ့ နှစ်တွေက ရောက်လာဦးမှာပါ။ ကျနော် အသင်းအတွက် ကွင်းထဲမှာ အမြဲတမ်း ၁၀၀% တိုက်ခိုက် ကြိုးစားပေးနေဖို့ပဲ အာရုံစိုက်ထားတယ်။ ဒီအခွင့်အရေး ပေးတာအတွက်လည်း ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ ” လို့ ပြောပါတယ်။

သိကြတဲ့အတိုင်း အပြောင်းအရွှေ့ ဆိုတာက ခပ်မြန်မြန်ပဲ ကိစ္စတွေ ဖြစ်လာတတ်ပါတယ်။ မနှစ်တုန်းက ဆော်ဒီဘက်က ကမ်းလှမ်းလာတော့လည်း ဒီယက်ဇ်ကို ဆက်ထိန်းဖို့ကို အသင်းက ရွေးချယ်သွားတယ်။

နည်းပြသစ် အာနယ်အတွက် အဓိက လူစာရင်းတွေကို အသင်းဘက်က ဆက်ထိန်းပေးမှာဖြစ်ပြီး ကွင်းတွင်း အောင်မြင်မှုရရေးအတွက် တည်ငြိမ်တဲ့ အဝတ်လဲခန်းကို ဖန်တီးရမယ်ဆိုတာကို လီဗာပူးဘက်က နားလည်နေပါလိမ့်မယ်။