ဒီတလောမှာ လီဗာပူးအသင်းက တောင်ပံသမားတွေကို စောင့်ကြည့်နေကြောင်း ပွင့်လင်းတဲ့ ချပြမှုကနေ အလားအလာရှိ လူငယ် တောင်ပံသမားတွေဟာ အသင်းနဲ့ အပြောင်းအရွှေ့ ချိတ်ဆက်ခံရမှု ရှိလာနေပါတယ်။
LFCThaDin ဖတ်ရှုသူတွေကိုလည်း လီဗာပူးက ဝက်စ်ဟမ်း တိုက်စစ်သမား ခူးဒက်စ်ကို စောင့်ကြည့်နေတာက လျှို့ဝှက်ထားစရာ လိုတဲ့ ကိစ္စ မဟုတ်ကြောင်း ကျနော်တို့ ဖော်ပြခဲ့ပြီးပါပြီ။ ဒါပေမယ့် အသင်းဟာ ဒီနွေမှာ ခူးဒက်စ်ကို မရရအောင် ခေါ်မယ်လို့ ဆုံးဖြတ်ထားခြင်းမျိုး မရှိသေးပါဘူး။
ခူးဒက်စ်ရဲ့ ဝက်စ်ဟမ်းအသင်း စာချုပ်ပါ အချက်အလက်တွေကို သိနားလည်နိုင်ဖို့ လီဗာပူးက ကြိုးစားနေတဲ့ အခြေအနေလို့လည်း ကျနော်တို့ သိထားပါတယ်။
ဒီတလော ဂါနာသတင်းထောက်တွေက ဒီနွေမှာ လီဗာပူးက ခူးဒက်စ်ကို စာချုပ်ပါကြေး ပေါင် ၈၅ သန်း ပေးပြီး ခေါ်ယူတော့မယ်လို့ အပိုင်တွက်ချက်ပြီး ဖော်ပြနေတယ်။ သူတို့ရဲ့ ဖော်ပြချက်အတိုင်း ဖြစ်လာဖို့ မရှိပါဘူး။
ဝက်စ်ဟမ်းအသင်းဟာ သူတို့ရဲ့ ကစားသမားတွေကို လက်မှတ်ထိုးတိုင်းမှာ Release clauses တွေ ထည့်သွင်းလေ့ရှိပါတယ်။ သူတို့ အသင်းထံရောက်လို့ အပြောင်းအရွှေ့ စျေးကွက် ၃ ခု ကျော်ချိန်မှ စာချုပ်ပါကြေး အသက်ဝင်ဖို့ဆိုတဲ့ သဘောတူညီချက်ကို စာချုပ်ထဲမှာ ထည့်သွင်းထားတာပါ။
ဒါကလည်း အပြောင်းအရွှေ့တွေမှာ သူတို့ သေချာလေး ရှာဖွေခေါ်ယူထားတဲ့ ကြယ်ပွင့်တွေကို ထိပ်သီးအသင်းတွေက ခပ်လွယ်လွယ် ခေါ်ယူလို့မရအောင် ဝက်စ်ဟမ်းရဲ့ ကြိုတင် ကာကွယ်ထားမှုဖြစ်ပါတယ်။
လာမယ့် ဩဂုတ်လမှာ အသက် ၂၄ နှစ် ပြည့်တော့မယ့် ခူးဒက်စ်ဟာ ၂၀၂၃ နွေတုန်းကမှ အေဂျက်ကနေ ပရီးမီးယားလိဂ်ကို ပြောင်းလာသူပါ။ သူ့ရဲ့ စာချုပ်မှာတော့ ၂၀၂၅ ခုနှစ် နွေမှာ ပေါင် ၈၅ သန်းဖြင့် ကမ်းလှမ်းမှုရရင် အသင်းပြောင်းခွင့်ပေးဖို့ဆိုတဲ့ သဘောတူညီချက် ပါဝင်ထားပါတယ်။
ဝက်စ်ဟမ်းအနေနဲ့ ခူးဒက်စ်အတွက် ဒီနွေမှာ ကမ်းလှမ်းမှုတွေ နားထောင်ပေးရမယ်ဆိုရင် ပေါင် သန်း ၁၀၀ တန်လောက်မှပဲ စားပွဲဝိုင်း ထိုင်ပေးမှာပါ။ စာချုပ်ဟာ ၂၀၂၅ ခုနှစ်မှ အသက်ဝင်မှာမို့ ဒီနွေမှာ ခူးဒက်စ်အတွက် စိတ်ကြိုက်ကြေးရရေး ဝက်စ်ဟမ်းဘက်က တောင်းဆိုပိုင်ခွင့်ရှိပါတယ်။
လီဗာပူးဘက်ကလည်း ဒီယက်ဇ်နဲ့ ဆာလာတို့ရဲ့ အနေအထားကို ဒီနွေမှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။ သူတို့ထဲက တစ်ဦးဦးကို လက်လွတ်ရခြင်း မရှိရင်တော့ တောင်ပံနေရာအတွက် ပေါင် သန်း ၁၀၀ လောက် အသုံးပြုတာမျိုး ဖြစ်လာဖို့ ခဲယဉ်းတာဖြစ်ပါတယ်။