ငါ သေဆုံးချိန်ထိ ဒီအခိုက်အတန့်တွေကို ဖက်တွယ်သွားမှာပါ…

မကြာခင်မှာ လီဗာပူးနည်းပြဘဝကနေ အနားယူတော့မယ့် နည်းပြကလော့ပ်ကတော့ အသင်းပရိသတ်တွေနဲ့အတူ ဖန်တီးခဲ့တဲ့ အခိုက်အတန့်တွေကို သေဆုံးချိန်ထိ ဖက်တွယ်သွားမယ်လို့ ထုတ်ပြောလာပါတယ်။

လီဗာပူးနည်းပြဘဝ ပထမဆုံးပွဲကို စပါးနဲ့ အဝေးကွင်းမှာ ကိုင်တွယ်ခြင်းဖြင့် စတင်ခဲ့တဲ့ ကလော့ပ်ရဲ့ သူ့ရဲ့ လီဗာပူးနည်းပြဘဝ နောက်ဆုံး အဝေးကွင်းပွဲကိုတော့ အက်စတွန်ဗီလာပွဲနဲ့ ပိတ်သိမ်းမှာဖြစ်ပါတယ်။

ကလော့ပ်က ” ဒီနှစ်တွေအတွင်း ကျနော်တို့တွေ သိပ်ကောင်းတဲ့ အခိုက်အတန့်တွေကို ဖန်တီးခဲ့ကြပါတယ်။ ဒါတွေကို လီဗာပူး အောင်ပွဲခံမှုတို့၊ ကြီးကျယ်တဲ့ အခိုက်အတန့်တို့၊ လီဗာပူးရဲ့ ပွဲကြီးပွဲကောင်းများတို့ စသဖြင့် ခင်ဗျားတို့တွေ ယူကျူ့မှာ ရှာဖွေလို့ရပါတယ်။

ကျနော်တို့ ကိုယ်လုပ်ရမှာ လုပ်ခဲ့ပါတယ်။ ဒါတွေက ကိုယ်ခံစားလိုတဲ့ ခံစားချက်တွေဖြစ်သလို အမြဲလည်း မရနိုင်တဲ့ အရာတွေပါ။ ပုံမှန်ဘဝမှာ ဒီလို ခံစားချက်မျိုး မရနိုင်ပါဘူး။

အရည်အချင်းရှိ ကစားသမားတွေနဲ့ စိတ်ဆန္ဒပြင်းပြတဲ့ ပရိသတ်တွေ ပေါင်းစပ်ပြီး အတူတကွ ကြိုးစားမှပဲ ဒီလို အခိုက်အတန့်ကို ဖန်တီးလို့ရတာ ဖြစ်ပါတယ်။

သိပ်ကို ကောင်းလွန်းပါတယ်။ ကျနော် သေဆုံးတဲ့ အချိန်ထိ ကုန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကျနော်တို့တွေ အတူတကွ ဖန်တီးခဲ့ကြတဲ့ အခိုက်အတန့်တွေကို အမြဲတမ်း ပြန်ပြောင်း ကြည့်ရှုမှာပါ။ ” လို့ ပြောဆိုသွားပါတယ်။