4 Stars အဆင့် သတင်းထောက်က ဘာစီလိုနာရဲ့ ဦးစားပေး ပစ်မှတ်က လူးဝစ် ဒီယက်ဇ်လို့ ဖော်ပြ

လာလီဂါကလပ် ဘာစီလိုနာအသင်းဟာ လီဗာပူးအသင်း တိုက်စစ်မှူး လူးဝစ် ဒီယက်ဇ်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေတယ်လို့ သတင်းထောက် ဖာရန်မာတီနက်ဇ်က ဆိုပါတယ်။

ဒီကာလတွေအတွင်း ဘာစီလိုနာနဲ့ ဒီယက်ဇ်ကြား အပြောင်းအရွှေ့ သတင်းတွေဟာ လီဗာပူးပရိသတ်တွေအတွက် စိမ်းတော့မှာ မဟုတ်ပါဘူး။

ဒီယက်ဇ်ကို အင်္ဂလန်ပြင်ပ ကလပ်တွေ စိတ်ဝင်စားနေကြောင်းကို လီဗာပူးသတင်းထောက်တွေကလည်း ထုတ်ဖော်ထားပါတယ်။

ဒီကိစ္စကို စိတ်ဝင်တစား ဖော်ပြမှု အရှိဆုံးက ကက်တလန်အခြေစိုက် သတင်းထောက်တွေပဲ ဖြစ်ပါတယ်။ အခုလည်း ဖာရန်မာတီနက်ဇ်ကတော့ ဘာစီလိုနာရဲ့ ဦးစားပေးပစ်မှတ်က ဒီယက်ဇ် ဖြစ်သလို စိတ်ဝင်စားမှုဟာ ခိုင်လုံတဲ့ အနေအထားလို့ ဆိုလာပါတယ်။

ဘာစီလိုနာဘက်က စုံစမ်းမှု လုပ်ထားရာမှာ သူတို့အသင်းထံ ကစားသမားဘက်က ပြောင်းလာလိုစိတ် ရှိနေတယ်လို့လည်း မာတီနက်ဇ်က ဖော်ပြထားပါတယ်။

လီဗာပူးအသင်းကတော့ လူးဝစ် ဒီယက်ဇ်ကို ဆက်ထိန်းသွားဖို့ စီစဉ်ထားပြီး အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ဆိုရင် အသင်း တောင်းဆိုတဲ့ ပေါင် ၇၅ သန်းသော ပြောင်းရွှေ့ကြေးကို ဘာစီလိုနာဘက်က ပေးရပါမယ်။

မာတီနက်ဇ်တို့က အေးဂျင့်ဘက်က အသံကို နားထောင်နေတာ ဖြစ်နိုင်ကာ ဒီယက်ဇ် ကိုယ်တိုင်ကတော့ သူ့အနာဂတ်က လီဗာပူးမှာ ဆက်ရှိနေရလည်း ပျော်ရွှင်တယ်လို့ ဆိုပါတယ်။

ဒီနွေမှာ နည်းပြအဖွဲ့တစ်ခုလုံးကို ပြောင်းလဲပစ်မယ့် လီဗာပူးအသင်းဟာ တတ်နိုင်သလောက် အဝတ်လဲခန်း တည်ငြိမ်မှုကို ဆက်ထိန်းထားလိုကြောင်း သိထားရပါတယ်။