လီဗာပူးအသင်းဟာ ဒီတလောမှာ မက်အယ်လစ်စတာနဲ့ သတင်းကြီးတွေ ထွက်နေပေမယ့် အန်ဖီးကလပ်ရဲ့ ဒီနွေ ခေါ်ယူမှုက ဘရိုက်တန် ကွင်းလယ်လူ တစ်ဦးတည်းဖြင့် အပြီးသတ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
လန်ဒန်အခြေစိုက် သတင်းထောက် Bobby Vincent က ဖော်ပြရာမှာ လီဗာပူးက အယ်လစ်စတာကို ခေါ်ယူခဲ့ရင်တောင်မှပဲ မေဆန်မောင့်ကို ထပ်မံ ခေါ်ယူဖို့ ရပ်တန့်မှာ မဟုတ်ကြောင်းနဲ့ အင်္ဂလန်ကွင်းလယ်လူအတွက် ကြိုးစားမှုတွေ ရှိလာဦးမှာပါလို့ ဖော်ပြလာခဲ့ပါတယ်။
ဘောလုံးရာသီဟာ မေလအကုန်မှ အပြီးသတ်မှာဖြစ်ခြင်းကြောင့် အခုချိန်မှာ ကြိုတင် ချိတ်ဆက်မှုတွေကလွဲလို့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အပြီးသတ်ဆိုင်ရာ သတင်းတွေ ထွက်ပေါ်လာဦးမှာ မဟုတ်ပါဘူး။
၂၀၂၂-၂၀၂၃ ဘောလုံးရာသီ မကုန်ဆုံးသေးသလို သက်ဆိုင်ရာ ကလပ်တွေက ရာသီကုန်မှာ အမြင့်ဆုံး အနေအထားနဲ့ အဆုံးသတ်လိုတာကြောင့် ကစားသမားတွေက ဘောလုံးရာသီ မသိမ်းခင် ကောလဟာလတွေကို ပိုကြီးမားစေမှာ မဟုတ်ပါဘူး။
သို့ပေမယ့်လို့ ကွင်းလယ်လူစာရင်းကို ကြီးကြီးမားမား အင်အားဖြည့်မယ့် လီဗာပူးဟာ အယ်လစ်စတာ၊ မေဆန်မောင့်တို့လို ပရီးမီးယားလိဂ် ကစားသမားတွေကို အဓိက ပစ်မှတ်အဖြစ် မှတ်ယူထားကြောင်း လီဗာပူးသတင်းထောက် Dominic King ကလည်း မနေ့ကပဲ ဖော်ပြလာခဲ့ပါတယ်။
ဇွန်လဟာ လီဗာပူးအသင်း အပြောင်းအရွှေ့ ကိစ္စတွေကို အလေးအနက် ကြိုးစားမယ့်လ ဖြစ်လာဖို့ ရှိနေပြီး အခုချိန်ထိလည်း အယ်လစ်စတာနဲ့ မေဆန်မောင့်ကို ခေါ်ယူရေးမှာ ရှေ့ရောက်နေတဲ့ အသင်းအဖြစ် ရေပန်းစားဆဲ ဖြစ်ပါတယ်။
လက်တလောထိတော့ အယ်လစ်စတာရဲ့ စာချုပ်ပါ ပြောင်းရွှေ့ကြေးကိစ္စ တရားဝင် သတင်းမျိုး မရှိသေးပေမယ့် ပေါင် သန်း ၇၀ လို့ ကြားသိထားရတယ်။ မေဆန်မောင့်အတွက်လည်း ချယ်ဆီးဘက်က အလားတူ ပြောင်းရွှေ့ကြေး တောင်းခံမှာ ဖြစ်ပါတယ်။