လီဗာပူးအသင်းဟာ ခံစစ်မှူး မာတစ်အတွက် ကလော့ပ်ရဲ့ တောင်းဆိုမှုကို လိုက်လျောဖို့ ငြင်းဆန်ခဲ့ကာ အလွတ်ဖြင့် ထွက်ခွင့်ပေးဖွယ် ရှိပါတယ်။
မာတစ်ဟာ ကလော့ပ်ရဲ့ခေတ်မှာ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ကာ ၂၀၂၃ ဒီဇင်ဘာမှာရခဲ့တဲ့ ပြင်းထန် ဒူးဒဏ်ရာကြောင့် ရာသီကုန်ထိ အနားယူနေရသူပါ။ ဒီရာသီကုန်ရင် စာချုပ်ကုန်မယ့် ခံစစ်မှူးကို စာချုပ်သစ်ပေးဖို့ ကလော့ပ်က တောင်းဆိုခဲ့တယ်။
နည်းပြကလော့ပ်ကတော့ အသက်အရွယ်အရ ဒဏ်ရာကနေ ပြန်လည် ပျိုးထောင်ဖို့ ရုန်းကန်နေရတဲ့ မာတစ်ကို စာချုပ် ၁ နှစ်ပေးပြီး ကလပ်အတွက် ကြိုးစားပေးခဲ့တာတွေအပေါ် လေးစားမှုပြသစေချင်ပါတယ်။
လီဗာပူးအတွက်ကလည်း တစ်ပတ်လုပ်ခ ပေါင် ၁၄၀၀၀၀ ဝန်းကျင်ပေးနေရတဲ့ အသက် ၃၂ နှစ်အရွယ် ခံစစ်မှူးကို စာချုပ်သစ်ပေးဖို့က ‘poor decision’ တစ်ခုအဖြစ် ယုံကြည်ထားတာပါ။
လီဗာပူးနဲ့ ကလော့ပ်ကြား သဘောတူညီမှု မရခဲ့တာဟာ မာတစ် တစ်ဦးတည်းသော မဟုတ်ပါဘူး။ မနှစ်ကလည်း မီလ်နာနဲ့ ဖာမင်နိုတို့ကို ကလော့ပ်က ဆက်ထိန်းလိုပေမယ့် ကလပ်ဘက်ကတော့ အလွတ်ဖြင့် ထွက်ခွင့်ပေးဖို့ ရွေးချယ်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ အပြောင်းအရွှေ့တွေမှာ ပါးနပ်တဲ့ ခေါ်ယူမှုတွေ လုပ်ထားပေမယ့် ဒီနှစ်တွေအတွင်း ကစားသမား များစွာကို ပြောင်းရွှေ့ကြေးမရဘဲ အလွတ်ဖြင့်ပဲ ထွက်ခွင့်ပေးနေရတာ ဖြစ်ပါတယ်။
လယ်လာနာ၊ ဝိုက်နယ်ဒမ်၊ ချိန်ဘာလိန်၊ ကိတ်တာ၊ ဖာမင်နို၊ အိုရီဂီ၊ မီလ်နာတို့အပြင် ဒီနွေမှာလည်း သီယေဂို၊ မာတစ်၊ အတ်ဒရီယန်တို့ကို အလွတ်တွေဖြင့် ထွက်ခွင့်ပေးရဦးမှာပါ။
ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့ ၂ ဦးတုန်းကတော့ ကစားသမားတွေဘက်က ထွက်လိုတာကြောင့် ကလပ်နဲ့ နည်းပြကြား စကားပြောရမှု မရှိခဲ့ဘူးလို့ သိရပါတယ်။