ရိုမန်နို ပြောလာတဲ့ ဒါဝင် နူးညက်စ် အပြောင်းအရွှေ့ အခြေအနေ

ဥရုဂွေးတိုက်စစ်မှူး ဒါဝင် နူးညက်စ်ကို အလိုရှိနေတဲ့ ကလပ်တွေရှိပေမယ့် ဒီနွေမှာ သူ လီဗာပူးကနေ ထွက်ခွာဖွယ် မရှိဘူးလို့ ရိုမန်နိုက ပြောလာပါတယ်။

မနှစ်ကနွေမှာ စပိန်ဘက်က ဒါဝင်ကို သဘောကျမှုရှိခဲ့သလို ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးကလည်း ဒါဝင်ကို ခေါ်ယူလိုခဲ့ပေမယ့် သူ့ကို ခပ်လွယ်လွယ် လက်လျော့ပေးဖို့ လီဗာပူးအသင်းက ငြင်းဆန်ခဲ့ပါတယ်။

မကြာသေးခင်က ဒါဝင်ရဲ့ အင်စတာဂရမ် အကောင့်မှာ လီဗာပူးအသင်းနဲ့ သက်ဆိုင်တာတွေ ဖျက်ချခဲ့တဲ့နောက် သူ အသင်းပြောင်းနိုင်ကြောင်း ဖော်ပြမှုတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့တာပါ။

ရိုမန်နိုကတော့ ကစားသမားကို စိတ်ဝင်စားတဲ့ အသင်းတွေရှိပေမယ့် အပြောင်းအရွှေ့ ဖြစ်လာဖို့ ခက်ခဲလှကြောင်း အခုလို ပြောပြလာပါတယ်။

ရိုမန်နိုက ပြောရာမှာ “ ဒါဝင်နဲ့ပတ်သက်ပြီး ဇာတ်လမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကျနော် အသေအချာ ပြောနိုင်တာကတော့ စိတ်ဝင်စားမှုတွေက ဘာတစ်ခုမှ ဆက်ဖြစ်မလာသေးပါဘူး။

မနှစ်နွေပြီးတည်းက ဒါဝင်အတွက် လှုပ်ရှားလာမှုတွေ ဆက်ရှိမနေပါဘူး။ အခြားကလပ်တွေနဲ့ စကားပြောတာ အပြောင်းအရွှေ့ ညိနှိုင်းနေတာတွေ မရှိပါဘူး။ အဲ့တာကလည်း ကလပ်တွေက စိတ်ဝင်စားခြင်း မရှိတာကြောင့် မဟုတ်ဘဲ ဒါဝင်က သိပ်စျေးကြီးတဲ့ ကစားသမားဖြစ်နေလို့ပါ ” လို့ ဖြစ်ပါတယ်။

၂၀၂၂ နွေမှာ လီဗာပူးအသင်းဟာ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်းဖြင့် ဒါဝင်ကို ခေါ်ယူခဲ့တာပါ။ စာချုပ်မှာတော့ ထပ်တိုးကြေး ပေါင် ၂၁ သန်းပေးဖို့ ပါဝင်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒါဝင်ကို ပြန်ရောင်းထုတ်ရမယ်ဆိုရင်တောင် အသင်း ခေါ်ယူစဉ် ပေးဖို့ သဘောတူထားတဲ့ ပြောင်းရွှေ့ကြေးထက် ပိုနည်းတဲ့ ပမာဏကို လက်ခံလိုစိတ် မရှိတာပဲ ဖြစ်ပါတယ်။