လီဗာပူးကို နည်းပြမယ် အတည်ပြုတဲ့ အာနယ် စလော့၊ ကလော့ပ်နဲ့အတူ နည်းပြ ၇ ဦး ထွက်ခွာခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

သောကြာနေ့ မီဒီယာတွေ့ဆုံမှုမှာ အာနယ် စလော့က နောက်ရာသီ သူ လီဗာပူးအသင်းကို ကိုင်တွယ်မှာဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။

ကလော့ပ်နဲ့အတူ လီဗာပူးနည်းပြအဖွဲ့ထဲက နည်းပြ ၇ ဦးဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာမယ့်အကြောင်း အတည်ပြုလိုက်ကြပါပြီ။

ဆာလာကတော့ သူဟာ နည်းပြကလော့ပ်နဲ့ ဘဝတစ်လျှောက်လုံး ဆက်လက်ပြီး အဆက်အသွယ် ပြုလုပ်နေမှာပါလို့ ဝန်ခံခဲ့ပါတယ်။

နည်းပြကလော့ပ်ကတော့ ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တွိုက်စ်ကို လက် ၁၂ ဖက်နဲ့ လူသားအဖြစ် တင်စားလိုက်ပြီး ၂၀၂၂ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရှုံးခဲ့တာဟာ သူ သိပ်ကောင်းလွန်းခြင်းကြောင့်လို့ ချီးကျူးလိုက်ပါတယ်။

အင်္ဂလန်ဒိုင်တွေက VAR ကို မသုံးတတ်ကြဘူး၊ သူကတော့ ဒီစနစ်ကို အင်္ဂလန်မှာ မသုံးစေချင်ဘူးလို့ ကလော့ပ်က ဒဲ့တိုး ထုတ်ဖော်သွားပါတယ်။

သီယေဂိုကို ပရီးမီးယားလိဂ်ကလပ် ၂ သင်းလောက်က ကမ်းလှမ်းမှု လုပ်ထားတယ်လို့ သိရပါတယ်။ ဒီရာသီ လီဗာပူးအတွက် ၆ မိနစ်ပဲ ကစားပေးနိုင်တဲ့ စပိန်သားကြီးဟာ အသင်းကနေ အလွတ်ဖြင့် ထွက်ခွာမှာပါ။

မိန့်ဇ်အသင်းကတော့ လီဗာပူးကနေ အငှားဖြင့် ခေါ်ယူထားတဲ့ ခံစစ်မှူး ဗန်ဒါဘတ်ကို နောက်ထပ် ၁ ရာသီ အငှားခေါ်ယူလိုနေပါတယ်။

၂၀၁၉ တုန်းက မန်စီးတီးနဲ့ လက်စတာပွဲမှာ ကွန်ပနီရဲ့ ကန်သွင်းမှု မတိုင်ခင် မတ်ဒီဆန် အပါးခိုနေတာကို ကလော့ပ်က သတိပြုမိပါတယ်။ အဲ့တုန်းက မတ်ဒီဆန်ကို လူဝင်ကပ်တော့ ဝင်ကပ်တော့လို့ စိတ်ထဲက သတိပေးနေခဲ့ပြီး ကွန်ပနီရဲ့ ကန်ချက် ဂိုးဝင်သွားချိန် ကံကောင်းလို့ နှလုံးရောဂါ မရတာပါလို့ ကလော့ပ်က ဝန်ခံခဲ့ပါတယ်။