လီဗာပူးနည်းပြအဖြစ် ပရိသတ်တွေကို နောက်ဆုံးစကားတခွန်း မှာကြားခဲ့တဲ့ ယာဂင်

နည်းပြကလော့ပ်က သူ့ရဲ့ လီဗာပူးနည်းပြဘဝ နောက်ဆုံး နှုတ်ဆက်စကား ပြောချိန်မှာ နည်းပြသစ်ကို ကြိုဆိုကြဖို့၊ ယုံကြည်ကြဖို့နဲ့ ဆုဖလားတွေအတွက် ဆက်လက် တွန်းအားပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီနွေမှာတော့ ကလော့ပ် နေရာမှာ နယ်သာလန်သား အာနယ် စလော့ ဝင်ရောက်လာတော့မှာပါ။ အန်ဖီးက ပရိသတ်ထုကို နှုတ်ဆက်ချိန်မှာတော့ ကလော့ပ်က အသင်းအပေါ်ထားတဲ့ ချစ်ခြင်းအပြင် နည်းပြသစ်ကို ဂရုစိုက်ပေးဖို့ မှာကြားခဲ့ပါတယ်။

ကလော့ပ်က “ ဒီနေ့မှာ လူတွေအများကြီး ငိုကြွေးနေတာ မြင်ခဲ့ပါတယ်။ ငါကိုယ်တိုင်လည်း ဒီည ငိုမိမှာပါ။ အားလုံးကို သတိရနေမှာ ဆိုပေမယ့် အပြောင်းအလဲတွေဖြစ်လာတာ ကောင်းပါတယ်။

အခြေခံတွေအားလုံး ဆက်ရှိနေတာမို့ အရာအားလုံး အဆင်ပြေသွားကြပါလိမ့်မယ်။ မင်းတို့တွေ မန်နေဂျာသစ်ကိုလည်း ငါ့ကို ကြိုဆိုသလို ကြိုဆိုပေးကြပါ။ သူ့ရဲ့ ပထမဆုံး ရက်တည်းက မင်းတို့ အစွမ်းကုန် ကူညီပေးကြပါ။

မင်းတို့ ဆက်ပြီး ယုံကြည်ကြပါ။ အသင်းကို မင်းတို့တွေ တွန်းအားပေးနိုင်စွမ်း ရှိပါတယ်။ ငါကိုယ်တိုင်ကလည်း မင်းတို့ထဲက တစ်ယောက်ပါပဲ။ ဒါကိုလည်း ငါမြတ်နိုးပါတယ်။

လီဗာပူးဆိုတာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ။ အားလုံးကို ကျေးဇူးတင်ပါတယ် ” လို့ မှာခဲ့ပါတယ်။