

ဝုဗ်ကို အနိုင်ရအပြီး ယာဂင်ကလော့ပ် နှုတ်ဆက် ထွက်ခွာချိန် guard of honour လုပ်ပေးနေစဉ် ငြိမ်သက်နေတဲ့ ဒါဝင်ရဲ့ အပြုအမှုဟာ လီဗာပူးပရိသတ်တွေကြားမှာ အတော်လေး ပြောစရာဖြစ်နေပါတယ်။
ပွဲအပြီး အဝတ်လဲခန်းထဲမှာ အသင်းသား အားလုံးကို ကလော့ပ်က နောက်ဆုံး အကြိမ်အဖြစ် မှာတမ်း ပြောဆိုရာမှာ ဒါဝင် တစ်ဦးကပဲ အသိအမှတ်ပြု လက်ခုပ်တီးပေးခြင်း မလုပ်ခဲ့ပါဘူး။
အန်ဖီးကွင်းထဲ ကလော့ပ် ဝင်လာပြီး နှုတ်ဆက်ချိန် ဘေးဘက်တွေမှာ နည်းပြအဖွဲ့ဝင်တွေ ကစားသမားတွေ စီတန်းကာ လက်ခုပ်တီး ကြိုဆိုနေကြချိန်မှာလည်း ဒါဝင်က ပါဝင် လက်ခုပ်တီးပေးခဲ့ခြင်း မရှိဘဲ နည်းပြကို ငေးကြည့်နေခဲ့ပါတယ်။
ကနဦးမှာ ဒီဖြစ်ရပ်တွေကို ဘယ်သူမှ သတိမထားမိကြပေမယ့် ကလော့ပ်ရဲ့ နောက်ဆုံး အချိန်ကို လူမှုကွန်ယက်ကနေ ပရိသတ်တွေက ဆက်တိုက် ကြည့်ရှုကြရင်း ဒါဝင်ရဲ့ အပြုအမှုတွေကို ဖော်ထုတ်ကာ မှတ်ချက်တွေ ပေးလာကြတာ ဖြစ်ပါတယ်။
မကြာသေးခင်ကပဲ လီဗာပူးအသင်းနဲ့ သက်ဆိုင်တဲ့ ပုံရိပ်တွေကို အင်စတာဂရမ်ကနေ ဒါဝင်က ဖျက်ချထားခဲ့သေးတာပါ။ ကလပ်ရဲ့ ဂန္တဝင် နည်းပြဖြစ်တဲ့ ကလော့ပ်ရဲ့ နှုတ်ဆက်ပွဲမှာ လေးစားမှု မပေးတဲ့ အပြုအမှုအတွက် ဒါဝင်ကို ဝေဖန်ကြတဲ့ လီဗာပူးပရိသတ်တွေ များပြားလာပါတယ်။
တချို့ကလည်း ဒါဝင်ဟာ စိတ်မကောင်းဖြစ်နေလို့ ငြိမ်သက်နေတာလည်း ဖြစ်နိုင်ကြောင်း ကာကွယ်ပြောဆိုတာတွေ ရှိနေပါတယ်။
ဒီနွေမှာ ဒါဝင်ကို ကလပ်အချို့က ခေါ်ယူလိုကြောင်း အသံထွက်နေပြီး လီဗာပူးကတော့ အသင်းမှာ ဆက်ထိန်းသွားဖို့ပဲ စဉ်းစားထားတာဖြစ်ပါတယ်။