ပေါ်တူဂီမှာတော့ လီဗာပူးနဲ့ အူဂါတီ အပြောင်းအရွှေ့ ကိစ္စ သတင်းထူးတွေ ထွက်ပေါ်နေပါပြီ

ဒီအပတ်တွေအတွင်း လီဗာပူးအသင်းဟာ ကွင်းလယ်လူ အူဂါတီကို ရေရှည်အတွက် ရည်ရွယ်ပြီး စောင့်ကြည့်နေတယ်ဆိုတဲ့ ကောလဟာလတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဝင်ရင် ခေါ်ယူမယ့် ကွင်းလယ်လူစာရင်းနဲ့ ချန်ပီယံလိဂ် လွဲခဲ့ရင် ခေါ်ယူမယ့် လူစာရင်းကို ပြုစုထားပါတယ်။ ဒါ့အပြင် ကမ်းလှမ်းမယ့် ကစားသမားအတွက် သက်ဆိုင်ရာ ကလပ်တွေက စျေးကိုင်ခဲ့ရင် နောက်ထပ် ပစ်မှတ်ကို ခပ်မြန်မြန် ပြောင်းချိတ်မယ်လို့ ကလော့ပ် ကိုယ်တိုင်က အတည်ပြုထားတာပါ။

ပေါ်တူဂီသတင်းသမားတွေကတော့ လီဗာပူးဟာ အူဂါတီကို စောင့်ကြည့်နေတာထက် ပိုတဲ့ စိတ်ဝင်စားမှုမျိုး ရှိထားကြောင်း ဖော်ထုတ်ခဲ့ကြတယ်။ ဒါကြောင့်ပဲ ဒီနွေမှာ ဥရုဂွေး ကွင်းလယ်လူကို ခေါ်ယူလိုရင် စာချုပ်ပါကြေး ပေါင် ၅၂.၂ သန်း ရှိထားတယ်ဆိုတာတွေထိပါ ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာခဲ့ပါတယ်။

ဒီအပတ် အစောပိုင်းမှာပဲ ပေါ်တူဂီ သတင်းဌာန Report က ထပ်မံ ဖော်ပြရာမှာ လီဗာပူးဟာ စပို့တင်းကလပ် တာဝန်ရှိသူတွေနဲ့ ရက်ပိုင်းအတွင်း တွေ့ဆုံပြီး အူဂါတီကိစ္စ စကားပြောဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူဟာ ဥရောပကို ခြေချလာခဲ့တာ ၂ ရာသီ ရှိပြီဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ အမှတ်ပေးလိဂ်တွေမှာ ပုံမှန်ပါဝင်ကစားနေသူ ဖြစ်ပါတယ်။ ဂျော့မန်ဒက်စ်ရဲ့ အေဂျင်စီက အူဂါတီရဲ့ အနာဂတ်ကို စီမံပေးခွင့် ရထားပြီး စပို့တင်းက ကစားသမားကို ရောင်းချခွင့်ရဲ့ ၇၀% ကိုပဲ ပိုင်ဆိုင်ထားပါတယ်။

အင်္ဂလန်သတင်းတွေကတော့ လီဗာပူးအသင်းဟာ ဖာဘင်ညိုနေရာ ရေရှည် အစားထိုးနိုင်မယ့် ကစားသမားမျိုးကို ရှာဖွေနေတယ်။ အသင်းဟာ ဥရောပမှာ ၂ နှစ် အနည်းဆုံး ကစားထားတဲ့ အသက် ၂၃ နှစ်အောက် ကွင်းလယ်လူတွေကို စောင့်ကြည့်နေတာဖြစ်ပြီး အူဂါတီကို ဒီနွေမှာ ခေါ်ယူဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ကွင်းလယ်ခံစစ်အတွက် လီဗာပူး စောင့်ကြည့်နေတာက အူဂါတီ တစ်ဦးတည်း မဟုတ်ဘဲ လီဂူးဝမ်းကလပ် နိုက်အသင်းမှ တူဟမ်လို ကြယ်ပွင့်မျိုးလည်း ပါဝင်ထားကြောင်းနဲ့ ဒီနွေမှာတော့ ၎င်းတို့ကို ခေါ်ယူဦးမှာ မဟုတ်ကြောင်း သတင်းထောက် Dominic King က ထုတ်ပြောထားတာ ဖြစ်ပါတယ်။