ယာဂင်ကလော့ပ်ရဲ့ လက်ထက်မှာ လီဗာပူးအသင်းရဲ့ တည်ကန်ဘောတွေကို ပပ်လင်ဒါးနဲ့ ပီတာတို့လို လက်ထောက် နည်းပြ ၂ ဦးက အဓိက တာဝန်ယူခဲ့ပါတယ်။
သူတို့ ထွက်ခွာသွားပြီးနောက် ဖီယင်နုကနေ အာနယ် စလော့က လီဗာပူးနည်းပြသစ် ဖြစ်လာခဲ့ချိန်မှာပဲ နည်းပြကို အထောက်အပံ့ပေးဖို့ တည်ကန်ဘော သီးသန့် နည်းပြ တစ်ဦးကို လီဗာပူးအသင်းက ခေါ်ယူတော့မှာ ဖြစ်ပါတယ်။
ကလော့ပ်တို့ဟာ လက်မြောက်ဘော အပါအဝင် dead-ball တွေကို အကောင်းဆုံး ကိုင်တွယ်နိုင်ဖို့ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးအဖြစ် လက်မြောက်ဘောဆိုင်ရာ ယာယီနည်းပြကို ခန့်အပ် တာဝန်ပေးမှု ရှိပါတယ်။ ဒါပေမယ့် တည်ကန်ဘောတွေမှာ ကစားသမားတွေကို အဓိက နေရာချသူကတော့ ပပ်နဲ့ ပီတာတို့ဖြစ်ပါတယ်။
ကလော့ပ် ခေတ်မှာ လီဗာပူးအသင်းဟာ တည်ကန်ဘောကနေ ဂိုးရယူမှု အားကောင်းခဲ့ပေမယ့် ဒီနောက်ပိုင်း ၂ နှစ်မှာတော့ အာဆင်နယ်က တည်ကန်ဘော အထူးနည်းပြနဲ့အတူ ဂိုးသွင်းနှုန်း တက်လာခဲ့ပါတယ်။
အက်စတွန်ဗီလာကလည်း တည်ကန်ဘောမှာ သီးသန့်နည်းပြ ခေါ်ယူပြီးတည်းက အခြေအနေတွေ တိုးတက်လာပါတယ်။ ချယ်ဆီး၊ ဘရန့်ဖိုဒ့်တို့ကလည်း တူညီတဲ့ ရာထူးကို နည်းပြအဖွဲ့ထဲမှာ ထည့်သွင်းလာတာပါ။
မနှစ်ကရာသီ တည်ကန်ဘောကနေ သွင်းဂိုး ၁၅ ဂိုး ရယူထားတဲ့ လီဗာပူးကလည်း dead-ball အခြေအနေတွေမှာ အားကောင်းမှုကို ဆက်ထိန်းဖို့ သီးသန့် တည်ကန်ဘော နည်းပြတစ်ဦး ခေါ်ယူသွားမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်း ခန့်အပ်မယ့် တည်ကန်ဘော နည်းပြဟာ တိုက်စစ်အတွက်ကော ခံစစ်အတွက်ပါ တည်ကန်ဘော အခြေအနေတွေမှာ အသင်း တိုးတက်လာအောင် သီးသန့် လေ့ကျင့်ချိန်ဖြင့် ဦးဆောင်ခွင့်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် တစ်ဦးချင်း လေ့ကျင့်မှုနဲ့ တည်ကန်ဘော အခြေအနေတွေမှာ အဆုံးသတ်ဖို့ရာ ပြင်ဆင်မှုတွေကိုလည်း လေ့ကျင့်ရေး အချိန်တွေအတွင်း ထည့်သွင်းသွားဖို့ ရှိပါတယ်။
လီဗာပူး တည်ကန်ဘောနည်းပြသစ်ဟာ အာနယ် စလော့ရဲ့ လက်ထောက် Sipke Hulshoff ၊ စွမ်းဆောင်ရည်ဆိုင်ရာ အကြီးအကဲ Ruben Peeters ၊ နည်းစနစ် အကြံပေး Etienne Reijnen တို့နဲ့အတူ နည်းပြအဖွဲ့ဝင်လည်း ဖြစ်လာပါလိမ့်မယ်။