လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့အတွက် ကစားသမား အဝယ်စာရင်းကို စတင် ပြုစုနေပြီဖြစ်ကာ ပရီးမီးယားလိဂ်က ကြယ်ပွင့် အချို့ကို အတော်လေး သဘောကျနေပါတယ်။
လီဗာပူးပရိသတ်ဖြစ်ပြီး မာဆေးဆိုဒ်ဖွားလည်းဖြစ်တဲ့ အန်တိုနီ ဂေါ်ဒန်ကို အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားပါတယ်။ ဒါပေမယ့် နယူးကာဆယ်က သူတို့ရဲ့ အဓိက ကစားသမားကို ဒီနွေမှာ ရောင်းချသွားမှာ မဟုတ်ပါဘူး။
အဲဗာတန်အကယ်ဒမီထွက်ဖြစ်တဲ့ ဂေါ်ဒန်ဟာ လီဗာပူးအားပေးသူတစ်ဦးဖြစ်ပြီး စတီဗင်ဂျရတ်ကို ဟီးရိုးအဖြစ် ချစ်ခင်သူဖြစ်ပါတယ်။ ဘယ်တောင်ပံသမားရဲ့ အရင်းနှီးဆုံး သူငယ်ချင်းကလည်း လီဗာပူး ကွင်းလယ်လူ ကာတစ်ဂျုံးပဲ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်ပဲ ရှိသေးသလို ၂၀၂၈ ခုနှစ်ထိ စာချုပ်ရှိနေတဲ့ ဂေါ်ဒန်ကို နယူးကာဆယ်ဘက်က အပြောင်းအရွှေ့စာရင်းထဲ မထည့်ပေးတာမို့ လီဗာပူးဘက်က အခွင့်အရေး မရှိသလောက်ဖြစ်နေတယ်လို့ သိရတယ်။
လီဗာပူးအသင်းဟာ အက်စတွန်ဗီလာမှ အင်္ဂလန်သား ကွင်းလယ်လူ ဂျပ်ကော့ ရမ်ဆေးကိုလည်း စိတ်ဝင်စားမှု ရှိထားပါတယ်။ ဒါပေမယ့် မနှစ်က ဒဏ်ရာတွေကြောင့် ပွဲကစားခွင့် ရုန်းကန်ထားရတဲ့ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူဟာ ဗီလာနဲ့အတူ ချန်ပီယံလိဂ်မှာ ပါဝင်ကစားလိုစိတ် ရှိနေတာပါ။
ဗီလာဟာ ချန်ပီယံလိဂ်အတွက် လူအင်အားဖြည့်တင်းရမှာမို့ ခံစစ်မှူး ဒီယေဂို ကားလိုစ့်အပြင် ကစားသမား အချို့အား အရောင်းစာရင်း တင်ဖို့ ပြင်ဆင်ထားပါတယ်။ ဒဏ်ရာမှတ်တမ်းတွေ ရှိထားတဲ့ ရမ်းဆေးကို ခေါ်ယူလိုရင် ပေးရမယ့် ပြောင်းရွှေ့ကြေးကလည်း နည်းပါးမှာ မဟုတ်ပါဘူး။
လီဗာပူးအသင်းရဲ့ လက်ရှိ ဦးစားပေးကတော့ ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ရဲ့ စာချုပ်ကိစ္စဖြစ်ပြီး အပြောင်းအရွှေ့အတွက်ကတော့ လှုပ်ရှားမှု စတင်နေဆဲပဲဖြစ်ပါတယ်။