ယူနိုက်တက်ပရိသတ်တွေတော့ စိတ်ဆိုးတော့မှာပဲလို့ ဖွင့်ဟသွားတဲ့ ဒေးဗစ် ဘက်ခမ်း

လီဗာပူးအသင်းမှာ ၉ နှစ်ကြာခဲ့ပြီးနောက် နည်းပြကလော့ပ်ဟာ အင်္ဂလန်မြေကနေ ထွက်ခွာသွားခဲ့ပါပြီ။

သူ့ရဲ့ ထွက်ခွာမှုကို အားကစားလောကမှ အထင်ကရ လူပုဂ္ဂိုလ်ပေါင်းများစွာ ဂုဏ်ပြုခဲ့ကြရာမှာ ယူနိုက်တက် ဂန္တဝင်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းလည်း ပါဝင်ခဲ့ပါတယ်။

ကလော့ပ်ဟာ လီဗာပူးအတွက်တင် မဟုတ်ဘဲ အားကစားလောကအတွက် အများကြီး အကျိုးဖြစ်စေခဲ့သူဖြစ်တာမို့ နာမည်ကျော်တွေကလည်း ဂုဏ်ပြု နှုတ်ဆက်မှုတွေ လုပ်လာခဲ့ကြတာပါ။

ဘက်ခမ်းက ” ယူနိုက်တက်ပရိသတ် တစ်ယောက်ဖြစ်တာတောင် ကျနော် ယာဂင်ကို မြတ်နိုးပါတယ်။ သူ့ရဲ့ အကျင့်စရိုက်၊ ကိုယ်ရည်ကိုယ်သွေးနဲ့ အားကစားအတွက် သူ သယ်ဆောင်လာပေးမှုတွေကိုလည်း မြတ်နိုးရပါတယ်။

ဒီစကားပြောလို့ ကျနော်ရဲ့ သရဲနီသူငယ်ချင်းတွေကတော့ သ-တ်ချင်နေတော့မှာပါပဲ။ အင်္ဂလန်ကနေ သူ ထွက်သွားတာကို မြင်ရတာအတွက် ဝမ်းနည်းမိပါတယ်။ လီဗာပူးအသင်းနဲ့ ဘောလုံးလောကအတွက် သူလုပ်ပေးသွားခဲ့တာတွေအတွက် အံ့မခန်းပါပဲ ” လို့ နှုတ်ဆက်ခဲ့တာပါ။

မေဂျာလိဂ်ကလပ် Inter Miami အတွက် ကလော့ပ်ကို ခေါ်ယူဖြစ်မလားလို့ မေးခံရချိန်မှာတော့ ဘက်ခမ်းက ” ကျနော်တို့မှာ လုပ်ခပေးစရာ သိပ်မကျန်တော့ပါဘူး” လို့ ရယ်မောခဲ့တာဖြစ်ပါတယ်။