လီဗာပူးနည်းပြသစ် အာနယ် စလော့ကတော့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် ရာသီကြို ပြင်ဆင်မှု ရက်စွဲကို ပြောင်းလဲလိုက်ပါပြီ။
ဒီရာသီမှာ လီဗာပူးအသင်းဟာ ပြိုင်ပွဲစုံ ၅၈ ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး နည်းပြကလော့ပ် လက်အောက် တတိယမြောက် ပွဲစဉ်အများဆုံး ဘောလုံးရာသီဖြစ်ခဲ့ပါတယ်။ နောက်ရာသီမှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲ ပုံစံသစ်အရ ပွဲတွေ များပြားဦးမှာပါ။
လီဗာပူးအသင်းဟာ ဒီနွေမှာတော့ ကစားသမား အများအပြားကို ယူရိုနဲ့ ကိုပါ အမေရိက ပြိုင်ပွဲတွေအတွက် လက်လွတ်ပေးရပါမယ်။ ပြိုင်ပွဲအပြီး အားလပ်ရက်တွေပေးရမှာဖြစ်ကာ ပြီးမှ ရာသီကြို ပြန်စတင်ရဖို့ ရှိနေပါတယ်။
ကျနော်တို့ LFCThaDin အတည်ပြုထားတဲ့ သတင်းအရ အာနယ် စလော့ဟာ ရာသီကြိုကို တစ်ပတ် ရှေ့တိုးလိုက်ပါပြီ။ ဇူလိုင်လ ပထမအပတ်မှာတင် လီဗာပူးအသင်းရဲ့ ရာသီကြို စတင်မှာဖြစ်ပါတယ်။
အက်ဆာလေ့ကျင့်ရေးမှာ အာနယ် စလော့ဟာ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေဖြင့် စုစည်းကြမှာဖြစ်ကာ ဖီယင်နုက ပါလာမယ့် နည်းပြတွေနဲ့ လီဗာပူးအသင်းမှာ ဆက်ရှိနေမယ့် နည်းပြတွေ၊ နည်းစနစ်ပိုင်း စိစစ်သူတွေကို ပေါင်းစပ်ကြဖို့ ရှိနေပါတယ်။
အာနယ်က သူ့ရဲ့ ကနဦးကာလမှာ အထိုင်ကျမြန်ဖို့ အချိန်ပိုယူလိုတာလို့ နားလည်ရပြီး ယူရို ၂၀၂၄ နဲ့ ကိုပါအမေရိကကို သွားပြိုင်ရမယ့် ကစားသမားတွေကတော့ ပြိုင်ပွဲတွေမှာ ရောက်မယ့် အဆင့်ကို မူတည်ပြီး အသင်းနဲ့ ပြန်ပူးပေါင်းချိန် နောက်ကျပါမယ်။
လီဗာပူးရဲ့ ပထမဆုံးသော အမေရိက ရာသီကြိုပွဲစဉ်ကတော့ ရီးရဲလ်ဘက်တစ်နဲ့ဖြစ်ကာ ဇူလိုင်လ ၂၇ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာပါ။ အာဆင်နယ်နဲ့ ဇူလိုင် ၃၁ ရက်၊ ယူနိုက်တက်နဲ့ ဩဂုတ်လ ၄ ရက်တွေမှာ ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။
အဲ့ပွဲတွေမတိုင်ခင် လီဗာပူးအသင်းဟာ အင်္ဂလန်ပြည်တွင်းလိဂ်က အသင်းငယ်တွေနဲ့ ခြေစမ်းမှုကို အရင်ဆုံး ပြုလုပ်ဖွယ် ရှိပါတယ်။