ဆောင်းပါး | ယာဂင်ကလော့ပ်နဲ့ အာနယ် စလော့ကြား လီဗာပူး တည်ဆောက်ပုံက ဘာတွေကွာခြားသွားမှာလဲ

လီဗာပူးအသင်း ပိုင်ရှင်တွေဟာ အမေရိကန်အားကစားလောကကနေ လာကြသူတွေဖြစ်တာနဲ့အညီ သူတို့ရဲ့ အုပ်ချုပ်မှုစနစ်ဟာ ခေတ်ရှေ့ပြေးပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်ပိုင်ရှင်တွေဟာ ဘောလုံးကို ဦးနှောက်နဲ့ အုပ်ချုပ်သူတွေဖြစ်လို့ ရေရှည်အတွက် ပိုကြည့်ပြီး ကာလတို ဆုံးဖြတ်ချက်တွေကိုလည်း ရှောင်ရှားလိုကြပါတယ်။ ဒီအချက်မှာ သူတို့နဲ့ ပရိသတ်တွေကြား မကြာခဏ သဘောထား မတိုက်ဆိုင်မှု ရှိထားပါတယ်။

ဥပမာအားဖြင့် လီဗာပူးပရိသတ်တွေက ဆုဖလား အောင်မြင်မှုကို မြင်လိုပါတယ်။ အမေရိကန်ပိုင်ရှင်တွေအတွက်က အမြင့်ဆုံးအဆင့်မှာ ကလပ် ရေရှည် ရပ်တည်နိုင်ဖို့ အရေးကြီးပြီး ဒါမှပဲ ဆုဖလားတွေကို ပုံမှန် စိန်ခေါ်နိုင်မှာပါ။

FSG ရဲ့ အသွင်ပြောင်းမှုက အရမ်းကြီး ကောင်းမွန် အဆင်ပြေခဲ့တာ မဟုတ်ပါဘူး။ ၎င်းတို့လက်ထက် လီဗာပူးအသင်းရဲ့ ပထမဆုံးသော ဘောလုံးဒါရိုက်တာက ကိုမိုလီဖြစ်ကာ ၂၀၁၂ မှာတော့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲ့တုန်းက မိုက်ကယ်အတ်ဝပ်ဟာ ရာထူးငယ်ပဲ ရှိပါသေးတယ်။

အဲ့နောက်ပိုင်းမှာ ကင်နီနေရာ ရော်ဂျာ အစားဝင်လာချိန်ထိ လီဗာပူးရဲ့ အပြောင်းအရွှေ့တွေမှာ အဓိကကျသူအဖြစ် Ian Ayre တာဝန်ယူခဲ့ပါတယ်။ ရော်ဂျာ လက်ထက်ကစပြီး လီဗာပူးအသင်းရဲ့ ဖွဲ့စည်းပုံက အနည်းငယ် အခြေခိုင်လာပါတယ်။

ရော်ဂျာကို ရာထူးကနေ ထုတ်ပယ်ချိန်မှာ လီဗာပူးနည်းပြဖြစ်လာဖို့ ရေပန်းစားသူ ၂ ဦးရှိခဲ့ပါတယ်။ တစ်ဦးက အန်ဆယ်လော့တီဖြစ်ပြီး တစ်ဦးက ယာဂင်ကလော့ပ် ဖြစ်ပါတယ်။ အဲ့တုန်းက ကာရေဂါ အပါအဝင် လီဗာပူးအသိုင်းအဝိုင်း အလိုရှိသူက အန်ဆယ်လော့တီပါ။

နည်းစနစ်ဒါရိုက်တာဖြစ်နေတဲ့ မိုက်ကယ်အတ်ဝပ်က စာမျက်နှာ ၆၀ ပါ စာတမ်း တစ်စောင်နဲ့အတူ ကလော့ပ်ကို လီဗာပူးထံ ခေါ်ယူပေးဖို့ FSG ကို အဆိုပြုလွှာတင်ခဲ့ပါတယ်။ အန်ဆယ်လော့တီနဲ့ ကလော့ပ်ကို ချိန်ထိုးပြီး အတ်ဝပ်ကို အကူအညီပေး စစ်ဆေးပေးခဲ့သူက ထိုစဉ် သုတေသနဒါရိုက်တာ အိုင်ရန်ဂရေဟမ် ဖြစ်ပါတယ်။

ချုံ့ပြောရရင် ကလော့ပ် လီဗာပူးကို ရောက်လာခဲ့ပါတယ်။ ကလော့ပ်ဟာ FSG ကြီး ၃ ပါးဖြစ်တဲ့ ဂျွန်ဟင်နရီ၊ မိုက်ဂေါ်ဒန်၊ တွမ်ဝါနာတို့နောက် လီဗာပူးရဲ့ အဓိက တာဝန်အရှိဆုံးသူဖြစ်လာပါတယ်။ တပြိုင်တည်းမှာ ကလော့ပ်၊ အတ်ဝပ် အပါအဝင် လူ ၅ ဦးပါ အပြောင်းအရွှေ့ ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။

လီဗာပူးရဲ့ အကြပ်အတည်းက ကိုဗစ်ကာလမှာ စတင်ပါတယ်။ သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးသော လှိုင်းကြမ်းကို ရင်ဆိုင်ခဲ့ရပြီး လီဗာပူးတည်ဆောက်ပုံ ကြီးကြီးမားမား ခါးယမ်းခံခဲ့ရတဲ့ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ အဲ့ဂယက်မှာပဲ မိုက်ကယ် အတ်ဝပ် ထွက်ခွာသွားမှုနဲ့အတူ FSG ရဲ့ လီဗာပူးအသင်း အုပ်ချုပ်မှုပုံစံ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။

ကလော့ပ်က လီဗာပူးကို တည်ငြိမ်အောင် ပြန်ဦးဆောင်ပေးခဲ့တာကို အသိအမှတ် ပြုရမှာဖြစ်ပေမယ့် ကိုဗစ်မတိုင်ခင် လီဗာပူး အခြေအနေမျိုး ရှိမနေတော့ပါဘူး။ ကလော့ပ် ဦးဆောင်မှုနဲ့အတူ လှိုင်းကြမ်းကြီးကို လီဗာပူးအသင်း ကျော်ဖြတ်လာရင်း အန်ဖီးကွင်း တည်ဆောက်မှု အပြီးသတ်ခဲ့ပြီဖြစ်သလို ချန်ပီယံလိဂ်ထံ ပြန်လည် ပါဝင် ယှဉ်ပြိုင်ခွင့်ရပြီ ဖြစ်ပါတယ်။

ဒီအချိန်မှာပဲ ကလော့ပ်က သူ ဆက်ပြီး တာဝန်ယူရင်တောင် လီဗာပူးကို အမြင့်ဆုံး အဆင့်တွေမှာ ဆက်ရှိနေစေမယ်ဆိုတဲ့ ယုံကြည်ချက် မရှိတော့ပါဘူး။ ကလပ် အတွင်းပိုင်း ပြိုကွဲမှုဟာ ခေါင်ကနေ စပြင်ရတော့မယ်ဆိုတာကို ကလော့ပ် သိပါတယ်။ ဒါကြောင့် သူနောက်ဆုတ်ဖို့ စီစဉ်ပါတော့တယ်။

ကလော့ပ် ထွက်ခွာခြင်းဟာ လီဗာပူးအတွက် ကြီးမားတဲ့ အထိနာမှုဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အကြီးအကျယ် ပြောင်းလဲဖို့ လိုအပ်နေတဲ့ ကလပ်ရဲ့ တည်ဆောက်ပုံကို ပြန်ဖွဲ့စည်းဖို့ အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ FSG က သူတို့ရဲ့ FSG 2.0 ကို အသက်သွင်းပါတယ်။ လီဗာပူးအသင်းကို သူတို့ အမေရိကန်အဖွဲ့ ဝယ်ယူပြီးနောက်ပိုင်း ဒုတိယအကြိမ် အကြီးကျယ်ဆုံးသော လူသစ်ဖွဲ့စည်းမှုကို နောက်တစ်ကြိမ် ပြန်လုပ်ခဲ့ပါတယ်။

အာနယ် စလော့ဟာ လီဗာပူးအသင်းမှာတော့ နည်းပြချုပ်တာဝန်ကို ရယူရပါမယ်။ သူဟာ လီဗာပူးကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မယ် ဖိအားတွေကို ရုန်းထွက်နိုင်မယ်ဆိုရင် အနာဂတ်မှာတော့ သူဟာလည်း လီဗာပူးအသင်း မန်နေဂျာအဖြစ် ပိုများတဲ့ လုပ်ပိုင်ခွင့်တွေ ရလာနိုင်တာ ဖြစ်ပါတယ်။

ကလော့ပ် ပြောသလိုပါပဲ။ သူ ထွက်သွားတာက လီဗာပူး အပြီးသတ်သွားတာ မဟုတ်ပါဘူး။ အခုမှ စတင်မှာဖြစ်ပါတယ်။ ပိုမိုပြင်းထန်တဲ့ စိန်ခေါ်မှုတွေကို လီဗာပူးအသင်း ရင်ဆိုင်ရတော့မှာပါ။ ဒါကြောင့်ပဲ နည်းပြသစ် အာနယ်နဲ့အတူ ခေတ်သစ်ကို ကျော်ဖြတ်ကြဖို့ ကလော့ပ်က အန်ဖီးကွင်းက နှုတ်ဆက်ပွဲမှာ မှာကြားခဲ့တာ ဖြစ်ပါတယ်။