ဒီနွေမှာ လီဗာပူးအသင်း ပထမဆုံး ရောင်းချပေးရဖွယ်ရှိနေတဲ့ အသင်းသား

လီဗာပူးအသင်းဟာ ဒီနွေမှာပဲ စာချုပ်ပါ ပြောင်းရွှေ့ကြေးနဲ့ ခံစစ်မှူး ဗန်ဒန်ဘတ်ကို လက်လွတ်ရဖွယ် ရှိနေပါတယ်။

အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးဟာ ဘွန်ဒက်လီဂါကလပ် မိန့်ဇ်အသင်း တန်းမဆင်းရရေးမှာ အဓိကကျတဲ့ ကစားသမားအဖြစ် ပါဝင်ခဲ့သူပါ။

သူ့ကို အငှားချစဉ် စာချုပ်ထဲမှာတော့ ရာသီကုန်ရင် ယူရို ၅ သန်းထက် နည်းတဲ့ ပမာဏဖြင့် မိန့်ဇ်ဘက်က အပြီးသတ် ခေါ်ယူခွင့်ရှိထားပါတယ်။ စာချုပ်ရဲ့ အသေးစိတ် ကိစ္စတွေတော့ မသိရသေးပါဘူး။

လီဗာပူးကတော့ သူ့ကို ဒီရာသီကုန်ရင် အငှားစာချုပ်ကို အပြီးသတ်ကာ အသင်းထံ ပြန်ခေါ်လိုပေမယ့် ဘွန်ဒက်လီဂါကလပ်က စာချုပ်ပါ ပြောင်းရွှေ့ကြေးကို အသက်သွင်းလိုနေပါတယ်။

၂၀၁၉ တုန်းက အသက် ၁၇ နှစ်အရွယ်မှာ လီဗာပူးအသင်းထံ ရောက်လာခဲ့တဲ့ ဗန်ဒန်ဘတ် ကိုယ်တိုင်က မိန့်ဇ်ကို ပြောင်းလိုမယ်ဆိုရင်တော့ အသင်းဘက်က ညိနှိုင်း စကားပြောရဖွယ် ရှိနေပါတယ်။

လီဗာပူးအသင်းမှာ နည်းပြအပြောင်းအလဲ ဖြစ်ထားတာမို့ ကလပ်ကတော့ ကြယ်ပွင့်တွေ အားလုံးကို နည်းပြအာနယ် ဆလော့အတွက် ပြန်စုစည်းပေးလိုနေပါတယ်။

ဒီရာသီမှာ ထွန်းတောက်ခဲ့တဲ့ ဗန်ဒန်ဘတ်၊ ဂျာရိုစ့်၊ ကာဗာရို၊ မော်တန်၊ အိုဝင်ဘက်တို့ အားလုံးကို အသင်းလေ့ကျင့်ရေးမှာ ပြန်လာပူးပေါင်းစေလိုနေတာ ဖြစ်ပါတယ်။