လက်ကျန် ၃ ပွဲမှာ ၉ မှတ် ယူပေးပြီးမှ ဖြစ်လာတာကို လက်ခံလိုက်ဖို့ လီဗာပူး အသင်းကို တိုက်တွန်း

လီဗာပူးအသင်းဟာ ထိပ်ဆုံး ၄ သင်း ဝင်ခွင့်အတွက် မျှော်လင့်ချက်ကြီး ထားနေတာမျိုးထက် လက်ကျန် ၃ ပွဲမှာ ၉ မှတ်ရဖို့ကို အာရုံစိုက်ဖို့ လိုအပ်တယ်လို့ အသင်းတိုက်စစ်မှူးဟောင်း ဂျွန်အတ်ဒရစ်က Echo ကနေ ရေးသားလာပါတယ်။

နယူးကာဆယ်၊ မန်ယူနိုက်တက်တို့နောက် အဆင့် ၅ နေရာကနေ ဖိအားပေးနေတဲ့ လီဗာပူးအသင်းဟာ လက်ကျန်ပွဲတွေမှာ ဘာဖိအားမှ မကျန်တော့ပါဘူး။ အသင်းရဲ့ ချန်ပီယံလိဂ် ဝင်နိုင်ခွင့်ကလည်း မှိန်ပျပျပဲ ရှိတော့တာဖြစ်လို့ အခြားပွဲတွေကို မကြည့်ဘဲ ကိုယ့်ပွဲပဲ ယှဉ်ပြိုင်ကစားဖို့ တိုက်တွန်းခံထားရတာပါ။

ဂျွန်အတ်ဒရစ်က ” ထိပ်ဆုံးလေးနေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်က ကျွန်တော်တို့ လက်ထဲမှာ မရှိသေးပါဘူး။ ဘက်စုံတိုးတက်လာတာ မဟုတ်သေးပေမယ့် ၈ပွဲဆက်မရှုံး၊ ၆ပွဲဆက် အနိုင်ရလဒ်က ကျွန်တော်တို့သိတဲ့ လီဗာပူးကို ပြန်မြင်လာရပါတယ်။

ကျွန်တော်တို့ဟာ မဖြစ်မနေ ပွဲတွေကို အနိုင်ယူခဲ့တယ်။ လီဗာပူးအသင်းဟာ ပွဲတွေကို အနိုင်ယူဖို့ ယုံကြည်မှုတွေ ပြန်ရလာပြီဆိုတာ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့လို ထိပ်ဆုံးလေးသင်း ပြိုင်ဘက်တွေ သိကြပါတယ်။ ပွဲတွေကို အနိုင်ယူဖို့ ကျွန်တော်တို့ မျှော်လင့်ထားခဲ့တဲ့ ပုံစံမျိုး မဟုတ်သေးပေမယ့် ကိစ္စမရှိပါဘူး။ ဒီလိုအချိန်မှာ အနိုင်ရဖို့က အဓိကပါပဲ။

နယူးကာဆယ်နဲ့ ယူနိုက်တက်တို့က ၃ပွဲ မဖြစ်မနေ အနိုင်ယူရမယ်၊ သူတို့ပွဲတွေက သိပ်လည်း မခက်ပါဘူး။ ဒါပေမယ့် သူတို့ အမှတ်လျော့နိုင်တဲ့ ပွဲအနည်းငယ်ရှိပါတယ်။ ကျွန်တော်တို့က လက်ကျန်ပွဲတွေ အားလုံးကို အနိုင်ယူနိုင်ရင် အခြေအနေက စိတ်ဝင်စားစရာ ဖြစ်ပါလိမ့်မယ်။

ကျွန်တော်တို့လုပ်ရမှာက နောက်ပွဲကို အာရုံစိုက်ဖို့ပဲ။ လက်စတာနဲ့ အဝေးကွင်းမှာ ကစားရတာက ခက်ပါတယ်။ သူတို့က တန်းမဆင်းရရေး အသည်းအသန် တိုက်ခိုက်နေရတယ်။ ကောင်းတဲ့ရာသီတစ်ခု မဖြစ်ခဲ့ပေမယ့် ဂိုးကွာခြားချက်နဲ့ ယူနိုက်တက်ကို အဆင့်လေးကနေ ဆွဲချနိုင်ရင် သိပ်ကောင်းမှာပါ။ ဒါက အက်ဖ်အေဖလား ဖိုင်နယ်မှာ အနိုင်ရသလို ဖြစ်သွားမှာပါ။

ယူနိုက်တက်တို့ ခြေချော်ရင် ပျော်တယ်။ နောက်ပွဲမှာ ဘာဖြစ်မလဲဆိုတာ မသိဘူးလေ။ ကိုယ့်ဘာကိုယ် အာရုံစိုက်ထားဖို့ လိုပါတယ်။ တခြားအသင်းတွေကို မကြည့်နဲ့။ အခြားအသင်းတွေက ယူနိုက်တက်ဆီက အမှတ်တွေ ယူနိုင်တယ်လို့ မျှော်လင့်ရတယ်။

နယူးကာဆယ်ကလည်း အန္တရာယ်များတဲ့ ပြိုင်ဘက်တချို့နဲ့ တွေ့ရမယ့်ပွဲတွေ ရှိနေတယ်။ ကျွန်တော်တို့မလည်း ခက်ခဲတဲ့ ပွဲ၃ပွဲ ရှိတယ်။ ၉မှတ် အပြည့်ယူပြီးတော့ တခြားအသင်းတွေ ဘာဖြစ်မလဲဆိုတာ ကြည့်ရမှာပါ။ သူတို့တွေ ခြေချော်မလား၊ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားမလားပေါ့။ ” ဆိုပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။