

လီဗာပူးအသင်းဟာ ဘယ်တောင်ပံ တိုက်စစ်မှူး လူးဝစ် ဒီယက်ဇ်ကို ဆက်ထိန်းမယ့်အကြောင်းပဲ ခိုင်ခိုင်မာမာ ရပ်တည်ပြထားပေမယ့် အခြေအနေက ၅၀-၅၀ ဖြစ်လာနေပါတယ်။
ဧပရယ်လအစမှာ အေးဂျင့် Raul Costa ဟာ လီဗာပူးကို ရောက်လာခဲ့ပါတယ်။ Raul Costa ဟာ စပို့တင်းနည်းပြ အမ်မိုရင်းရဲ့ ကိုယ်စားလှယ်ဖြစ်သလို လူးဝစ်ဒီယက်ဇ်ရဲ့ ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။
LFCThaDin ဖတ်ရှုသူတွေကို အသိပေးလိုတာက လီဗာပူးကို Raul Costa ရောက်လာခဲ့တဲ့ အကြောင်းရင်းက အမ်မိုရင်းနဲ့ သက်ဆိုင်ခြင်း မရှိဘဲ ဒီယက်ဇ်ရဲ့ စာချုပ်ကိစ္စကြောင့်ပဲဖြစ်ပါတယ်။ ကလပ်နဲ့ ကစားသမား ကိုယ်စားလှယ်ကြား တိုးတက်တဲ့ အခြေအနေ တစ်ခုခု ရသွားတယ်လို့ ကျနော်တို့ မကြားထားပါဘူး။
၂၀၂၇ ခုနှစ်ထိ စာချုပ်ရှိနေတဲ့ ဒီယက်ဇ်အတွက် အေးဂျင့်တို့ဘက်က လုပ်ခ တိုးမြင့်ပေးတဲ့ စာချုပ်သစ် ပြန်ချုပ်လိုနေပြီး လီဗာပူးအသင်းကတော့ စောလွန်းသေးတယ်လို့ မြင်ပါတယ်။ အသင်းရဲ့ ဦးစားပေးက ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ကို စာချုပ်သစ်ပေးရေး ဖြစ်ပါတယ်။
ဒီနွေမှာ ဒီယက်ဇ် အသင်းပြောင်းနိုင်မလားက သူ့အတွက် ကမ်းလှမ်းလာမယ့် အခြေအနေပေါ် မူတည်ပါတယ်။ လီဗာပူးဘက်က ပေါင် ၇၅ သန်းထက် မနည်းတဲ့ ပမာဏမျိုး ရလိုပါတယ်။ ဒီနေရာမှာ မာဆေးဆိုဒ်သတင်းထောက် David Lynch ရဲ့ ထုတ်ဖော်မှုကို ဖော်ပြပါမယ်။
” ဒီနွေမှာ ဒီယက်ဇ်ရဲ့ အနာဂတ် ဘာဖြစ်မယ်ဆိုတာ မရှင်းလင်းပါဘူး။ လီဗာပူးဘက်က သူ့ကို ဆက်ထိန်းထားဖို့လည်း အဆင်ပြေပါတယ်။ ဒီယက်ဇ်က ပိုကောင်းလာဦးမယ်လို့ လီဗာပူးဘက်က မြင်ပါတယ်။ သူ့အနာဂတ်က ၅၀-၅၀ အခြေအနေမို့ စောင့်ကြည့်နေဖို့ လိုပါတယ် ” လို့ David Lynch က ဆိုတယ်။
အခြေအနေတွေက ကစားသမားဘက်က မျှော်လင့်သလို ဟုတ်မနေသေးပေမယ့် ဒီယက်ဇ် ကိုယ်တိုင်ကတော့ လီဗာပူးမှာ ဆက်နေရမယ်ဆိုရင်လည်း ပျော်ရွှင်ကြောင်း အရိပ်အယောင်ပြထားပါတယ်။