ကလော့ပ်ကို လှောင်ရယ်ခဲ့သမျှ နောက်ရာသီ ပြိုင်ဘက်တွေ ကျော်တက်ခံရတော့မယ့် ပရီးမီးယားလိဂ်

ကမ္ဘာအကောင်းဆုံး (သို့) လူကြည့်အများဆုံး ဘောလုံးပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလိဂ်ကတော့ ဥရောပ ပြိုင်ဘက်လိဂ်တွေရဲ့ ကျော်တက်ခြင်းကို ရင်ဆိုင်နေရပါပြီ။

ဒီရာသီ အင်္ဂလန်လိဂ် တစ်သင်းမှ ဥရောပမှာ အောင်မြင်ခြင်း မရှိတဲ့ နောက်ဆက်တွဲအဖြစ် စီးရီးအေနဲ့ ဘွန်ဒက်လီဂါတို့ဟာ နောက်ရာသီ ကလပ် ၅ သင်းထိ ချန်ပီယံလိဂ်ဝင်ခွင့်ရသွားတော့မှာပါ။

ဒါတင် မကသေးပါဘူး အတ္တလန်တာအသင်းက ယူရိုပါလိဂ်ကို အနိုင်ရခြင်းကြောင့် စီးရီးအေကလပ် ၆ သင်းထိဟာ နောက်ရာသီ ချန်ပီယံလိဂ်မှာ ပါဝင် ယှဉ်ပြိုင်ခွင့် ရဖွယ် ရှိနေပါပြီ။

ဒေါ့မွန်နဲ့ ရီးရဲလ်တို့ရဲ့ ဖိုင်နယ်ပွဲမှာ ဘွန်ဒက်လီဂါကလပ် အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့ရင် ဂျာမနီကလပ် ၆ သင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရဖွယ်ရှိပါတယ်။ အသေးစိတ်ကိုတော့ ရာသီကုန်မှ ယူအီးအက်ဖ်အေက ကြေညာပေးမှာ ဖြစ်ပါတယ်။

နည်းပြကလော့ပ်ဟာ ဒီနှစ်တွေအတွင်း ဥရောပမှာ ကစားရတဲ့ အင်္ဂလန်ကလပ်တွေ ပွဲစဉ်ဇယား ကြပ်တည်းလွန်းကြောင်း ဒါဟာ စွမ်းဆောင်ကို အမြင့်ဆုံးအဆင့်မှာ တောက်လျှောက် ပြသဖို့ ခက်ခဲကြောင်း ထောက်ပြထားတာပါ။

အထူးသဖြင့် တစ်ရာသီလုံးနီးပါး ၁၂ ခွဲပွဲတွေကို လီဗာပူးတသင်းတည်း တာဝန်ယူရခြင်းကိုလည်း ရာဇဝတ်မှုအဖြစ် ပြစ်တင်ခဲ့ပါတယ်။ ရုပ်သံတွေမှာ အစီအစဉ် တင်ဆက်သူတွေအဖြစ် အလုပ်လုပ်နေကြတဲ့ ရွိုင်ကိန်းတို့က ကလော့ပ်ကို သိပ်မညည်းဖို့ တုန့်ပြန်ခဲ့ကြတာပါ။

အင်္ဂလန်ကလပ်တွေဟာ ပြည်တွင်းမှာ ပွဲပန်းတဲ့ဒဏ်ကြောင့် ဥရောပပွဲတွေမှာ စွမ်းဆောင်ရည် အပြည့် ပြသဖို့ အခက်အခဲရှိခဲ့ကြပါတယ်။ ဒီအချက်ကို ကလော့ပ်က အမြဲတမ်း ထောက်ပြပေမယ့် ရုပ်သံတွေကတော့ အဲ့လို ပွဲကြပ်နေတာကပဲ ပရီးမီးယားလိဂ်ရဲ့ အမှတ်လက္ခဏာအဖြစ် တုန့်ပြန်နေကြတာပါ။

များစွာသော အငြင်းပွားရမှုတွေဖြစ်ခဲ့အပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဘက်က အတတ်နိုင်ဆုံး လိုက်လျောမှုအဖြစ် လာမယ့်ရာသီကစလို့ FA Cup မှာ ပြန်ကန်ပွဲ ရှိတော့မှာ မဟုတ်ကြောင်း ကြေညာထားတာဖြစ်ပါတယ်။