NEWS: ဆာလာနဲ့ ဒီဘရိုင်းကို အလွတ်နဲ့ပဲ ခေါ်ယူဖို့ ရည်ရွယ်လာတဲ့ ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ်ကတော့ ဒီနွေမှာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်းနဲ့ ဆာလာတို့ကို ခေါ်ယူဖို့ မတတ်နိုင်ရင် နောက်နှစ်နွေမှ အလွတ်ဖြင့် ခေါ်ယူဖို့ ကြိုးစားတော့မှာပါ။

နှစ်ဦးလုံးကို ဆော်ဒီပရိုလိဂ်က အလိုရှိနေကာ မနှစ်က စက်တင်ဘာမှာတော့ ဆာလာအတွက် ပေါင် သန်း ၁၅၀ တန် ကမ်းလှမ်းမှုမျိုး Al-Ittihad အသင်းက လုပ်ခဲ့ဖူးပါတယ်။ ဒီနွေမှာ ထပ်မံကြိုးစားခဲ့ရင် လီဗာပူးက ထပ်မံ တားဆီးသွားတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

လီဗာပူးနဲ့ ၂၀၂၅ ခုနှစ်ထိပဲ စာချုပ်ရှိနေတဲ့ မိုဆာလာဟာ Bosman စည်းမျဉ်းအရ နောက် ၆ လကြာရင် အင်္ဂလန်ပြင်ပ ကလပ်တစ်သင်းနဲ့ တရားဝင် ဆွေးနွေးခွင့်ရမှာ ဖြစ်ပါတယ်။

ဆော်ဒီဘက်က နာမည်ကျော် ကစားသမားတွေကို သူတို့ လိဂ်ပြိုင်ပွဲအတွက် ခေါ်ယူရဖို့ ရှိနေသေးသလို ၂၀၃၄ ကမ္ဘာ့ဖလားအတွက်လည်း ပြင်ဆင်ရဦးမှာမို့ အကုန်အကျများမယ့် ပလန်တွေအများကြီး ရှိနေပါတယ်။

ဒီနွေအတွက် အခြားသော ရွေးချယ်စရာတွေကို အရင် ခေါ်ယူပြီး ဆာလာ၊ ဒီဘရိုင်း ၂ ဦးကို တစ်နှစ်စောင့်ပြီး အလွတ်ဖြင့် ခေါ်တာက ပိုကောင်းတဲ့ ရွေးချယ်မှုလို့ ဆော်ဒီဘက်က မြင်နေပါတယ်။

ဆော်ဒီလိဂ်မှာ ရော်နယ်ဒို၊ နေမာ၊ ဘန်ဇီမာတို့ ရှိနေတာဖြစ်ကာ အသက် ၃၁ နှစ်အရွယ် ဆာလာနဲ့ အသက် ၃၂ နှစ်အရွယ် ဒီဘရိုင်းတို့ကို ဒုတိယမျိုးဆက် အဖြစ် မြင်ထားတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။