NEWS: လီဂူးဝမ်း ခံစစ်မှူးကို ခေါ်ယူရေး ပီအက်စ်ဂျီ၊ ရီးရဲလ်နဲ့အပြိုင် လီဗာပူး ဝင်ပါမည်

လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ ဗဟိုခံစစ်မှူးသစ် ခေါ်ယူရေးကို ဦးစားပေးအဖြစ် သတ်မှတ်ထားကာ မကြာခင်မှာ ခြေလှမ်းသစ် စတင်လာတော့မယ်လို့ သိရပါတယ်။

LFCThaDin ဖတ်ရှုသူတွေအတွက် သတင်းထောက် Di Marzio ရဲ့ ဖော်ပြချက်ကို ကိုးကားရမယ်ဆိုရင် လီဗာပူးအသင်းဟာ ပြင်သစ်ကလပ် လိုင်လီအသင်းမှ ဗဟိုခံစစ်မှူး ယိုရိုကို ခေါ်ယူရေး အားကောင်းကောင်း ဝင်ရောက်မယ့် သဘောထားတွေ ရှိနေတယ်လို့ သိရတယ်။

အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ ယိုရိုဟာ ဒီရာသီ ပြိုင်ပွဲစုံ ၄၃ ပွဲထိ ကစားခဲ့ကာ တောက်ပတဲ့ ခြေစွမ်းကောင်းတွေ ပြနေတာကြောင့် ပီအက်စ်ဂျီဘက်က ကြိုးစားနေတာပါ။ သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၃၈ သန်းကနေ ပေါင် ၄၃ သန်းကြားရှိနိုင်ပေမယ့် ခန့်မှန်းသက်သက်ပဲဖြစ်ပါတယ်။

ပီအက်စ်ဂျီဘက်က သဘောတူညီမှု မရသေးတာကြောင့် ခံစစ်မှူးသစ်ရလိုနေတဲ့ ရီးရဲလ်မက်ဒရစ်ကလည်း ကစားသမားရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်နဲ့ ချိတ်ဆက်မှုတွေ ရှိလာနေတယ်။

ဒီကနေ့မှာပဲ နာမည်ကျော် သတင်းထောက်ကြီး Di Marzio က ” ပီအက်စ်ဂျီအသင်းဟာ ယိုရိုကို ခေါ်ယူဖို့ ကာလရှည် တွန်းအားပေးနေပေမယ့် ကစားသမားဘက်နဲ့ သဘောတူညီမှု မရပါဘူး။

ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက်တို့ကလည်း ခံစစ်မှူးကို စိတ်ဝင်စားနေပေမယ့် ကုန်ခဲ့တဲ့ နာရီအနည်းငယ်အတွင်း လီဗာပူး ဝင်ပါလာပါတယ်။ လီဗာပူးဘက်ကလည်း တွန်းအားပေးလာနေပါပြီ ” ဆိုပြီး ဖော်ပြလာပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာ ခံစစ်ပိုင်းကို အာရုံစိုက်မှာဖြစ်ကာ ဗန်ဒိုက်၊ ကိုနတေး၊ ကွမ်းဆက်၊ ဂိုးမက်စ်တို့ပဲ ရှိနေတဲ့ ဗဟိုခံစစ်နေရာကို အင်အားဖြည့်သွားမှာ ဖြစ်ပါတယ်။