ဒီရာသီမှာ လီဗာပူးအသင်းက ထိပ်ဆုံး ၄ သင်းထဲ ဝင်ဖို့ရာ ဖိအား မရှိခြင်းကပဲ ရာသီသိမ်းရင် အန်ဖီးကလပ်ကို အဆင့် ၄ အတွင်း ဝင်စေမယ့် အခွင့်အရေး ဖြစ်လာလိမ့်မယ်လို့ မန်စီးတီး ခံစစ်မှူးဟောင်း မီဂါရစ်ချက်က မှတ်ချက်ပေးလိုက်ပါတယ်။
လီဗာပူးအသင်းဟာ အမှတ်ပေးပွဲမှာ ၆ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် နယူးကာဆယ်၊ မန်ယူနိုက်တက်တို့နဲ့ ရမှတ်ကွာဟချက်ကို ကျဉ်းမြောင်းအောင် လုပ်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုချိန်ထိတော့ လီဗာပူးရဲ့ ထိပ်ဆုံး ၄ သင်း ဝင်နိုင်မယ့် ရာနှုန်းက နည်းပါးနေဆဲ ဖြစ်ပါတယ်။
မီဂါရစ်ချက်က ” လီဗာပူးအသင်းက ဘရန့်ဖိုဒ့်ကို အနိုင်ရအပြီးမှာ သူတို့နဲ့ ပတ်သက်ပြီး ကျနော် နည်းနည်းလေး ယုံကြည်ချက် ပိုရှိလာနေပါပြီ။ ဘာလို့လဲဆိုတော့ သူတို့က ဘာဖိအားမှ မရှိဘူးလေ။ သူတို့ ကိုယ်တိုင်လည်း ထိပ်ဆုံး ၄ သင်းထဲ ဝင်မယ်လို့ မျှော်လင့်ထားကြတာ မဟုတ်ဘူး။
အခုဆိုရင် သူတို့က လွတ်လွတ်လပ်လပ် ကစားခွင့်ရလာနေပါတယ်။ လီဗာပူးအတွက် ကောင်းတာတစ်ခုက သူတို့က အရင် လီဗာပူးလို ကစားနေတာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ နိုင်ပွဲတွေ ဆက်တိုက် ရနေတာပါပဲ။
သူတို့က ပွဲတိုင်းကို ကြည့်ကြည့်မှုတွေနဲ့ သွားနိုင်နေတယ်။ တခါတလေမှာ စိတ်ပိုင်းဆိုင်ရာအရ အနောက်ကနေ လိုက်ကစားရတာထက် ရမှတ်တွေ ဆက်တိုက် ယူနေတာက ပိုကောင်းတတ်ပါတယ် ” လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးက ရာသီသိမ်းပွဲ ၃ ပွဲ ကစားဖို့ ကျန်ရှိချိန်မှာ နယူးကာဆယ်နဲ့ ယူနိုက်တက်က ၄ ပွဲ ကစားရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ရေးမှာ လီဗာပူးက ပွဲတိုင်း နိုင်ဖို့ လိုအပ်သလို ကျန်တဲ့ ၂ သင်းကလည်း အနည်းဆုံး ၂ ပွဲစီ ရှုံးနိမ့်ဖို့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။