NEWS: လီဗာပူး ပစ်မှတ်ထားနေတဲ့ ဂျာမနီ အနာဂတ် ကြယ်ပွင့် ဂရူဒါ

လီဗာပူးအသင်းဟာ ဂျာမနီကြယ်ပွင့် ကစားသမား ဘရာဂျန် ဂရူဒါကို ချိန်ရွယ်နေတဲ့ ကလပ် ၃ သင်းထဲက ၁ သင်းဖြစ်ကြောင်း ဂျာမနီသတင်းဌာနက ဖော်ပြပါတယ်။

ကလော့ပ် မရှိတော့တဲ့နောက် နည်းပြသစ်နဲ့အတူ စိန်ခေါ်မှုအသစ်တွေကို ရင်ဆို်င်မယ့် လီဗာပူးဟာ ကလပ်လူစာရင်းကို ပြန်လည် တည်ဆောက်မှု ပြုလုပ်လာမှာပါ။

လက်တလောမှာ ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ကို သက်တမ်းတိုးဖို့ ဦးစားပေးမှာဖြစ်ပေမယ့် ကြယ်ပွင့်တွေကို ခေါ်ယူ အင်အားဖြည့်ရေးက အနှေးနဲ့အမြန် လုပ်ဆောင်လာဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းဟာ တောင်ပံနေရာအတွက် ဥရောပတလွှားမှ လူငယ်ကြယ်ပွင့် များစွာကို ကင်းထောက်နေရာမှာ မိန့်ဇ်အသင်းမှ အသက် ၁၉ နှစ်အရွယ် ဂရူဒါ ပါဝင်လာတယ်လို့ Sport Bild ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မာဆေးဆိုဒ် သတင်းထောက်တွေရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ ဒီယက်ဇ်၊ ဒါဝင်၊ ဆာလာ၊ ဂက်ပိုနဲ့ ဂျိုတာတို့ထဲက ၁ ဦးကို ဒီနွေမှာ ရောင်းထုတ်နိုင်ကြောင်း LFCThaDin ဖတ်ရှုသူတွေ သိအောင် ကျနော်တို့ ဖော်ပြထားဖူးပါတယ်။

ခံစစ်ကို ဦးစားပေးမယ့် လီဗာပူးအသင်းဟာ တောင်ပံနေရာတွေမှာ ကစားနိုင်စွမ်းရှိတဲ့ ကြယ်ပွင့်ကို ရှာဖွေနေခဲ့ကာ ဂရူဒါ တစ်ဦးတည်း အသင်းရဲ့ ပစ်မှတ်တော့ မဟုတ်ပါဘူး။

၂၀၂၆ ကမ္ဘာ့ဖလားမှာ ဂျာမနီအတွက် အဆင်သင့်ဖြစ်ဖို့ ယူ-၂၁ ကြယ်ပွင့် ဂရူဒါကို စီနီယာအသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းခွင့်လည်း ပေးထားပေမယ့် သူဟာ ယူရို ၂၀၂၄ အတွက်တော့ ရွေးချယ် မခံထားရပါဘူး။

မိန့်ဇ်အသင်းနဲ့ ဂရူဒါကြား စာချုပ်ဖျက်သိမ်းကြေး မရှိပေမယ့် သူ့ကို ခေါ်ယူလိုရင် ယူရို သန်း ၂၀ ဝန်းကျင် ပေးရနိုင်ပါတယ်။ ဂရူဒါကို ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်ကလည်း စောင့်ကြည့်နေတာ ဖြစ်ပါတယ်။