

လီဗာပူးအသင်းဟာ နောက်ရာသီ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲ ပုံစံသစ်အတွက် မဲအိုးခွဲရာမှာ Pot 1 ကနေ ပါဝင်ခဲ့ကြောင်း အတည်ပြုလိုက်ပါပြီ။
နောက်ရာသီ ချန်ပီယံလိဂ်ဟာ ‘Swiss model’ လို့ ခေါ်တဲ့ ပုံစံသစ်ဖြင့် ကျင်းပမှာဖြစ်ကာ ကလပ် ၃၆ သင်း ပါဝင် ယှဉ်ပြိုင်ရမှာပါ။ အုပ်စုအဆင့်ဟာ အရင်လို ၄ သင်း အုပ်စု မဟုတ်ဘဲ ၈ သင်းကို မဲနိုက် ရွေးချယ်ရမှာဖြစ်ပါတယ်။
ပုံမှန်အားဖြင့် အမှတ်ပေးဇယား တတိယနေရာက လီဗာပူးဟာ Pot 1 ရဖို့ မရှိပေမယ့် ပြိုင်ပွဲ ပုံစံသစ်အရ ပြည်တွင်းချန်ပီယံတွေဖြင့် မဲအိုးမခွဲဘဲ UEFA ရမှတ်တွေဖြင့် ခွဲခြင်းဖြစ်တာမို့ ၁၁၄ မှတ်ရှိထားတဲ့ လီဗာပူးက Pot 1 ရခြင်းဖြစ်ပါတယ်။
ဥပမာပေးရရင် ဘွန်ဒက်လီဂါချန်ပီယံ လေဗာကူဆင်က Pot 2 ပဲ ရသလို ပရီးမီးယားလိဂ်မှာ လီဗာပူးအထက် ဒုတိယနေရာရပေမယ့် UEFA မှာ ၇၂ မှတ်ပဲ ရှိသေးတဲ့ အာဆင်နယ်က Pot 2 မှာပဲ ရှိနေမှာဖြစ်ပါတယ်။
Pot 1 မှာ ပါဝင်သွားတဲ့ ကလပ်တွေက မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ အင်တာမီလန်၊ ဒေါ့မွန်၊ လိုက်ဇစ်နဲ့ ဘာစီလိုနာတို့ ဖြစ်ပါတယ်။ ဒီမဲအိုးထဲက ၁ သင်းကတော့ လီဗာပူးပြိုင်ဘက် ဖြစ်လာပါဦးမယ်။
ကလပ်တိုင်းက မဲနိုက်မှုကနေ မတူညီတဲ့ ပြိုင်ဘက် ၈ သင်း ရရှိမှာဖြစ်ပြီး Pot 1, Pot 2, Pot 3, Pot 4 တွေကနေ ၂ သင်းစီ ပါဝင်သွားပါမယ်။ အဲ့ထဲမှာတော့ အိမ်ကွင်း ၄ ပွဲ၊ အဝေးကွင်း ၄ ပွဲ ကစားရပါမယ်။
ရမှတ်တွေ အားလုံးကိုတော့ ကလပ် ၃၆ သင်းလုံးပါတဲ့ အမှတ်ပေးဇယားနဲ့ အဆင့်ခွဲမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ပွဲတိုင်း သွင်းဂိုးတိုင်းဟာ အရေးကြီးလာပါလိမ့်မယ်။
အုပ်စုပွဲတွေအပြီး အမှတ်ပေးဇယား ထိပ်ဆုံး ၈ သင်းဟာ ၁၆ သင်းအဆင့်ထံ အလိုအလျောက် တက်ရောက်ခွင့်ရမှာဖြစ်တယ်။