NEWS: ဗန်ဒန်ဘတ်အတွက် မထင်မှတ်ထားကြမယ့် ပြောင်းရွှေ့ကြေးရဖို့ ကြိုးစားနေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဒီရာသီ မိန့်ဇ်အသင်းထံ အငှားချထားတဲ့ ခံစစ်မှူး ဗန်ဒန်ဘတ်ကို စာချုပ်ပါအတိုင်း ခေါ်ယူခွင့်မပေးဘဲ အသင်းထံ ပြန်လည် ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

မိန့်ဇ်ဘက်ကတော့ ရာသီစတုန်းက အငှားဖြင့် ခေါ်ယူခဲ့စဉ်မှာ ယူရို ၅ သန်း (ပေါင် ၄.၂ သန်း) ဖြင့် အပြီးသတ် ခေါ်ယူခွင့် ပါဝင်ခဲ့ပေမယ့် လီဗာပူးအသင်းက အဲ့ပမာဏနဲ့ ထွက်ခွင့်ပေးမှာ မဟုတ်ပါဘူး။

LFCThaDin ဖတ်ရှုသူတွေကို အသိပေးလိုတာက လီဗာပူးအသင်းဟာ ဗန်ဒန်ဘတ်ကို ဂျာမနီကလပ်ထက် အင်္ဂလန်ပြည်တွင်း ကလပ်တစ်သင်းထံ အသင်းပြောင်းခွင့်ပေးဖို့ ညိနှိုင်းသွားမှာ ဖြစ်ပါတယ်။

၂၀၁၉ တုန်းက အသက် ၁၇ နှစ်အရွယ်မှာ လီဗာပူးအသင်းထံ ရောက်လာခဲ့တဲ့ ဗန်ဒန်ဘတ်ဟာ homegrown ကစားသမား တစ်ဦးဖြစ်တာမို့ ဂျာမနီကလပ် မိန့်ဇ်ထက် အင်္ဂလန်ကလပ်တွေထံ ရောင်းထုတ်ရင် ပြောင်းရွှေ့ကြေး ပိုရနိုင်ပါတယ်။

လက်တလောမှာ ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖိုဒ့်နဲ့ တန်းတက်ကလပ် ဆောက်သမ်တန်တို့က ဗန်ဒန်ဘတ်ကို သဘောကျနေပါတယ်။ မာဆေးဆိုဒ် သတင်းဌာနတွေရဲ့ အဆိုအရ အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးအတွက် ပေါင် သန်း ၂၀ ထိရဖို့ အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့ ကြိုးစားမှာဖြစ်ပါတယ်။

ဒီရာသီ မိန့်ဇ်အတွက် ပြိုင်ပွဲစုံ ၃၆ ပွဲ ကစားနိုင်ခဲ့တဲ့ ဗန်ဒန်ဘတ်ဟာ ပုံမှန် ပွဲကစားခွင့်ရလိုတာကြောင့် လီဗာပူးအသင်းမှာ ဆက်မနေဖို့က သေချာသလောက် ရှိနေပါတယ်။