ဂျရတ်၊ လမ်းပတ်၊ စခိုးတို့ထဲက ဘယ်သူ ပိုကောင်းလဲ မေးခွန်းကို ထိထိမိမိ ဖြေရှင်းလိုက်တဲ့ ဝိန်းရွန်းနီ

ပရီးမီးယားလိဂ်မှာ ခေတ်ပြိုင်တွေဖြစ်ခဲ့ကြသလို အင်္ဂလန် ရွှေရောင်မျိုးဆက်ရဲ့ ထောက်တိုင် ကစားသမားတွေဖြစ်တဲ့ ဂျရတ်၊ လမ်းပတ်၊ စခိုးတို့ ၃ ဦးရဲ့ အရည်အချင်းကို နှိုင်းယှဉ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

သူတို့ထဲက ဘယ်သူ အကောင်းဆုံးလဲ ဆိုတာအတွက် Overlap ပရိုဂရမ်ကနေ ရွန်းနီးက နဗီးနဲ့အတူ အခုလို ဆွေးနွေးခဲ့ပါတယ်။

ရွန်းနီးက “ သူတို့က မတူတဲ့ ကွင်းလယ်သမားတွေပါ။ အားလုံးကို ခြုံသုံးသပ်ရပ် စတီဗင်က အကောင်းဆုံး ကွင်းလယ်ပေါ့။ သူက ခုခံနိုင်တယ်၊ ဘောလုံးပေးနိုင်တယ်၊ ပြေးလွှားနိုင်သလို ရှင်းထုတ်မှုတွေ လုပ်နိုင်တယ်။ ဂိုးသွင်းနိုင်တယ်၊ တည်ကန်ဘောလည်း ရပါတယ်။

ကွင်းလယ်သမား တစ်ဦးအဖြစ် ခြုံပြီးကြည့်ရင် စတီဗင်က အကောင်းဆုံး ကွင်းလယ်ပါပဲ။

ဂိုးသွင်းနိုင်စွမ်းမှာတော့ လမ်းပတ်က အကောင်းဆုံးပါ။ သူက ကွင်းလယ်လူတွေထဲမှာ ဂိုးအတော်လေး သွင်းနိုင်သူပါ။ နည်းစနစ်ပိုင်းအရတော့ သူက စတီဗင်နဲ့ ဂျရတ် လယ်ဗယ်မှာ မရှိပါဘူး။ ဒါပေမယ့် ဂိုးသွင်းမှုမှာတော့ နှစ်ဦးလုံးက လမ်းပတ်ကို မယှဉ်နိုင်ပါဘူး။

စခိုးက ငယ်တုန်းက တိုက်စစ်သမားအဖြစ် ကစားခဲ့ဖူးပါတယ်။ အဲ့နောက် နံပါတ် ၁၀ သမားနဲ့ ကွင်းလယ် အတွင်းလူတွေအဖြစ် ကစားခဲ့တယ်။ ပွဲတွေကို ဖတ်နိုင်စွမ်းမှာ အခြားသူ ၂ ဦးက စခိုးကို မယှဉ်နိုင်လောက်ပါဘူး။

အားလုံးက အကောင်းဆုံး ကစားသမားတွေပါ။ စတီဗင်က ယူနိုက်တက်ကို ရောက်လာရင်လည်း ထိပ်တန်း ကစားသမား ဖြစ်နေဦးမှာပဲ။ စခိုး လုပ်သလောက်ကို လုပ်ပြနိုင်ဦးမှာပဲ။ လီဗာပူးမှာဆိုရင် စခိုးက စတီဗင် လုပ်ပြသလောက် လုပ်ပြနိုင်မယ် မထင်ပါဘူး ” လို့ မှတ်ချက်ပေးခဲ့တယ်။

တွဲဘက် အစီအစဉ် တင်ဆက်နေတဲ့ ဂယ်ရီနဗီးကလည်း “ ဟုတ်ပါတယ်။ စခိုးက ဂျရတ် လုပ်ပြသလို လုပ်ပြနိုင်ဖို့ မဖြစ်နိုင်ပါဘူး ” လို့ ထောက်ခံသွားတာ ဖြစ်ပါတယ်။