

ယာဂင်ကလော့ပ်ဟာ ပရိသတ် ၁၀၀၀၀ ဆံ့ M&S Bank Arena မှာ သီးသန့်ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့သလို မျက်ရည်တွေဖြင့် နောက်ဆုံးအကြိမ် နှုတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုမှာ လီဗာပူးနည်းပြဟောင်း ကလော့ပ်က ပြိုင်ဘက် အသင်းတွေနဲ့ နှိုင်းယှဉ်ပြီး သူ့ခေတ်ကာလ အနေအထားကို နှိုင်းယှဉ်သွားခဲ့ပါတယ်။
ဗြိတိန်လူရွှင်တော် John Bishop က မန်စီးတီးဟာ ပရီးမီးယားလိဂ် စည်းမျဉ်း ၁၁၅ ခုကို ချိုးဖောက်ထားခြင်းကြောင့် ပြစ်ဒဏ်ပေးခံရလို့ ဖလားအောင်မြင်မှု ၂ ကြိမ်ကို ဖယ်ရှားခံရမယ်ဆိုရင် လီဗာပူးက အဆိုပါ ၂ ကြိမ် အောင်မြင်နိုင်ကြောင်း ကလော့ပ်ကို အသိပေးခဲ့တယ်။
လက်တွေ့မကျပေမယ့် ဒါဟာ အင်္ဂလန်မီဒီယာတွေ ကိုယ်တိုင် ထုတ်ထားတဲ့ မေးခွန်းဖြစ်ပြီး မန်စီးတီး ပြစ်ဒဏ်တွေ ကျူးလွန်ခဲ့ရင် ဖလားတွေ ပြန်သိမ်းသင့်တယ်လို့ ထောက်ပြထားကြတာပါ။
ကလော့ပ်ကတော့ “ အဲ့ဖလားတွေအတွက် အောင်ပွဲခံ ဘက်စ်ကား ပြင်ဆင်ထားရင် ငါ ပါမယ်လေ။ အချိန်ဘယ်လောက်ကြာကြာ ငါ ဂရုမစိုက်ပါဘူး ” လို့ ခပ်နှောက်နှောက် တုန့်ပြန်ခဲ့တယ်။
လီဗာပူးပရိသတ်တွေကြားမှာ FSG ရဲ့ ဘဏ္ဍာရေး ထောက်ပံ့မှုဟာ အမေးများတဲ့ မေးခွန်းတစ်ခုဖြစ်ကာ ကလော့ပ်ကတော့ အမေရိကန် ပိုင်ရှင်တွေက သူတို့ လုပ်ပေးရမှာတွေကို လုပ်ပေးတယ်လို့ ဆိုပါတယ်။
ကလော့ပ်က “ ပိုင်ရှင်တွေက သူတို့ လုပ်ရမှာကို လုပ်ပေးကြပါတယ်။ ပိုင်ရှင်တွေက ပိုက်ဆံရှာချင်တာ အံ့ဩစရာကိစ္စဖြစ်နေလို့လား။ ဒီလိုပြောရတာ စိတ်မကောင်းပါဘူး။ နေ့တိုင်း ပိုက်ဆံရှာနေတာမျိုး မဟုတ်ပါဘူး။ သူတို့လည်း ရင်းနှီးမြုပ်နှံပါတယ်၊ တကမ္ဘာလုံးက ဒီလိုပဲ လုပ်နေကြတာပါ။
ငါတို့ ပိုင်ရှင်က လန်ဒန်ကလပ်ကို ဝယ်တဲ့သူတွေ မဟုတ်တာအတွက် ပျော်နေသင့်တာပါ။ သူတို့သာ လီဗာပူးပိုင်ရှင်ဆို ငါလည်း ၁ ရာသီတောင် ခံမှာ မဟုတ်ဘူး။
ချယ်ဆီးက ဘောလုံးကို ကောင်းကောင်းကစားနေပြီဆို ချယ်ဆီး ပြန်လာနိုင်ပြီ ထင်ရပြီဆို သူတို့က မန်နေဂျာကို ရာထူးက ထုတ်လိုက်ရော။
ပိုင်ရှင်တွေက ကလပ်အတွက် တာဝန်ရှိတယ်လို့ ခံစားမိတယ်။ FSG က အကောင်းဆုံး ပိုင်ရှင်တွေလားဆိုရင်တော့ ငါ မသိဘူး၊ ဒါကိုတော့ ပြန်မဖြေနိုင်ဘူး။ ဒါပေမယ့် သူတို့က အတော်လေး ကြိုးစားတဲ့ ပိုင်ရှင်တွေပါ။ သူတို့ထံက ထောက်ပံ့မှုတွေရတယ်လို့ ငါ ခံစားရပါတယ် ” ဆိုကာ ရှင်းပြသွားပါတယ်။
ကလော့ပ်က သူ့ရဲ့ ကစားသမားတွေအပေါ် ယုံကြည်မှု ပေးလွန်းတဲ့ အုပ်ချုပ်မှု ပုံစံအတွက်တော့
“ လောကကြီး တစ်ခုလုံးက ကစားသမားကို မယုံရင်တောင်မှ သူတို့နောက်မှာ ရှိပေးရမယ့် သူက မန်နေဂျာပါပဲ။ ငါက အခြားအသင်းလိုမျိုး ကစားသမား တစ်ယောက်ကို ပေါင် သန်း ၈၀ နဲ့ ခေါ်ပြီး သူ့ကို မယုံလို့ အငှားချလိုက်တာမျိုး (ဆန်ချို) မလုပ်နိုင်ပါဘူး ” လို့ မှတ်ချက်ပေးသွားတာ ဖြစ်ပါတယ်။