အပြောင်းအရွှေ့ကနေ သန်း ၁၀၀ ရှာဖွေနိုင်စွမ်း ရှိနေဆဲ လီဗာပူး

လီဗာပူးအသင်းဟာ ရာသီသစ်မှာ နည်းပြသစ်ဖြင့် ရှေ့ဆက်မှာဖြစ်ပြီး လူသစ် အချို့ ခေါ်ယူသွားမှာဖြစ်သလို ကလပ်ရဲ့ အမာခံ လူစာရင်းကိုလည်း ဆက်ထိန်းသွားဖို့ ပြင်ဆင်နေပါတယ်။

လီဗာပူးအသင်းဟာ ဒီနှစ်တွေအတွင်း ကစားသမား ရောင်းချမှုတွေကနေ အကျိုးအမြတ် နည်းပါးလာနေပြီး ပြိုင်ဘက် မန်စီးတီး၊ ချယ်ဆီးတို့ကတော့ လူငယ် ရောင်းချမှုကနေ တစ်ရာသီကို ပေါင် သန်း ၁၀၀ လောက် ရှာဖွေနိုင်နေတာပါ။

ကုန်ခဲ့တဲ့ ၂ နှစ်အတွင်း အားနည်းသွားတဲ့ အပြောင်းအရွှေ့ စျေးကွက်ကနေ အသုံးစရိတ် ရှာနိုင်စွမ်းတွေကို ပြန်လုပ်ပြဖို့ လိုအပ်နေပါတယ်။ ဒီနွေမှာ အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့ ဦးဆောင်မှုနဲ့အတူ လီဗာပူးအသင်းဟာ အောက်ပါ အကယ်ဒမီ ကစားသမား ရောင်းချသွားနိုင်ချေ ရှိပါတယ်။

ကလယ်ဟာ (ပေါင် သန်း ၃၀)

လီဗာပူးမှာပဲဖြစ်ဖြစ် အခြားအသင်းမှာပဲဖြစ်ဖြစ် ပုံမှန်ပွဲထွက်ခွင့်ရလိုတယ်လို့ ဒီအပတ်မှာပဲ နံပါတ် ၂ ဂိုးသမား ကလယ်ဟာက ထုတ်ပြောလာပါတယ်။ အယ်လီဆန်ကို အသင်းက ဆက်လက် နေရာပေးမှာဖြစ်လို့ အသက် ၂၅ နှစ်အရွယ် ဂိုးသမားကို ရောင်းထုတ်နိုင်ပါတယ်။

ဆပ်ဗန်ဒန်ဘတ် (ပေါင် သန်း ၂၀)

ဘွန်ဒက်လီဂါကလပ်အချို့နဲ့ ပရီးမီးယားလိဂ်ကလပ်တွေ စိတ်ဝင်စားနေတဲ့ အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးဟာ ရာသီကြိုမှာ အသင်းနဲ့ပူးပေါင်းရမယ် သိထားရပေမယ့် ရောင်းချခံရနိုင်ချေ အများဆုံး ကစားသမားပါ။

တေလာ မော်တန် (ပေါင် သန်း ၂၀)

အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ ချန်ပီယံရှစ်မှာ ခြေစွာနေတာ ၂ ရာသီ ရှိနေပါပြီ။ အာနယ် စလော့ရဲ့ ရာသီကြို ပြင်ဆင်မှုမှာတော့ မော်တန်၊ ကာဗာရိုတို့ ပါဝင်ခွင့်ရဖွယ် ရှိပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေပါ အလိုရှိနေတဲ့ အင်္ဂလန်သားဟာ ပုံမှန် ပွဲကစားခွင့်နဲ့အတူ အသင်းပြောင်းနိုင်ဆဲပါ။

ကာဗာရို (ပေါင် သန်း ၂၀)

ဖူလ်ဟမ်ကနေ လီဗာပူးကို ပြောင်းလာခဲ့တာက ထင်သလို အဆင်မပြေခဲ့ပါဘူး။ မနှစ်က ရာသီဝက်မှာ ဟူးစီးတီးထံ ပြောင်းခဲ့ပြီး ခြေစွမ်းတောက်ပခဲ့ပါတယ်။

ကယ်ဗင် ရမ်ဆေး (ပေါင် ၁၀ သန်း)

ဒဏ်ရာရှိမှန်းသိပေမယ့် သူ့ရဲ့ အလားအလာကို ယုံကြည်ပြီး လီဗာပူးက ခေါ်ယူခဲ့တာပါ။ အငှားချပေမယ့်လည်း ပွဲကစားခွင့်မရခဲ့ပါဘူး။

နက်ဖီးလစ်

ဒီနွေမှာ သက်သာတဲ့ ပမာဏ တစ်ရပ်ဖြင့် အပြီးသတ် ပြောင်းရွှေ့သွားဖွယ် ရှိပါတယ်။

အခြားလူငယ်များ

အိုဝင်ဘက်၊ လုချမ်ဘာ၊ အဒမ် လူးဝစ်၊ ဂျိမ်းစ်နော်ရစ် အစရှိတဲ့ မနှစ်ကရာသီ အငှားထွက် ကြယ်ပွင့်လေးတွေဟာလည်း ဒီနွေမှာ ရောင်းထုတ်ခံရနိုင်ပါတယ်။